၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာအသင်း ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်တို့နှင့် တစ်အုပ်စုတည်းကျရောက်

ရန်ကုန်   ဇွန်   ၂၄

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (D) တွင် ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်တို့နှင့် ကျရောက်ခဲ့သည်။

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းအရေအတွက်တိုးမြှင့်၍ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ ခြေစစ်ပွဲကိုမူ ယခုနှစ် စက်တင်ဘာတွင် ပြုလုပ်မည်ဖြစ်ပြီး အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်၍ ပြုလုပ်မည်ဖြစ်သည်။

အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို အသင်း ၂၈ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုရှစ်ခုခွဲ၍ ပြုလုပ်မည် ဖြစ်သည်။ မဲခွဲမှုအရ အုပ်စု(A) တွင် တရုတ်(တိုင်ပေ)၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ လာအို၊ အုပ်စု(B) တွင် ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊ စင်ကာပူ၊ အီရတ်၊ အင်ဒိုနီးရှား၊ အုပ်စု(D) တွင် မြန်မာ၊ ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (F)တွင် ဖိလစ်ပိုင် ဟောင်ကောင်၊ နီပေါ၊ အုပ်စု (G) တွင် ဂျော်ဒန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(H) တွင် ထိုင်း၊ ပါလက်စတိုင်းနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး လေးသင်းလေးအုပ်စု နှင့် သုံးသင်း လေးအုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ၂၀၁၈ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ဂျပန်၊ ဒုတိယ ရခဲ့သည့် သြစတြေးလျနှင့် တတိယရခဲ့သည့် တရုတ်အသင်းတို့မှာ ခြေစစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ အိမ်ရှင်  အိန္ဒိယ အသင်းနှင့်အတူ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အမျိုး သမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှနိုင်ငံများအတွက် ဝင်ခွင့်အရေအတွက် တိုးမြှင့်ပေးထားသဖြင့် မြန်မာ အမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် တက်ရောက်ခွင့်ရရန်နှင့် ထိုမှတစ်ဆင့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန် အထိပါ ရည်မှန်းထားကြောင်း သိရသည်။

မြန်မာအသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ခွဲကျော် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ရ ခြင်းမရှိဘဲ ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ခဲ့သည့် အိုလံပစ်တတိယအဆင့် ခြေစစ်ပွဲနောက်ပိုင်း ပထမဆုံးယှဉ်ပြိုင်ရမည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲ  နောက်ဆုံးအဆင့်တွင် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ပြိုင်ပွဲတို့၌ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး နောက်ဆုံး ကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်သဖြင့် တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်း ရမည် ဖြစ်သည်။

ရဲရင့်လွင်