၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းများ

၁၉ ဒီဇင်ဘာ

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပရာ ဘောလုံးကွင်းများရဲ့ပုံစံတွေကို ကမ္ဘာ့မြို့တော် ၂၇ ခုနဲ့ ဒိုဟာမြို့မှာ ပြသခဲ့ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဆောင်းရာသီမှာ ကျင်းပတာဖြစ်သလို အာရပ်ကမ္ဘာအတွက်လည်း ပထမဦးဆုံး လက်ခံကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ ဖြစ်ပါတယ်။

ဘောလုံးပွဲစဉ်တွေကို  ဘောလုံးကွင်း ၈ ကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။  ကွင်း ၇ ကွင်းကတော့ အစကနေ ဆောက်လုပ်ရတာဖြစ်ပြီး ကျန်တစ်ကွင်းကတော့ ရှိပြီးသားကွင်းကို ၂၀၁၈ ခုနှစ်က စပြီး ပြန်လည် ပြင်ဆင်ရေး တွေလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဘောလုံးကွင်းတွေ ဆောက်လုပ်ရန် ဆောက်လုပ်ရေးလုပ်သား ပေါင်း ၂၆,ဝ၀ဝ ကျော်ကို အသုံးပြုထားကြောင်း သိရပါတယ်။

အသစ်ဆောက်လုပ်မယ့် ကွင်း ၇ ကွင်းမှာ တစ်ကွင်းလုံး အေးစေမယ့် အဆင့်မြှင့် လေအေးပေးစက် နည်းပညာကို အသုံးပြုထားပါတယ်။ ကာတာနိုင်ငံရဲ့ ပြင်ပအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ပြီး စိုစွတ်ပူအိုက်မှုဟာ ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိနေပေမယ့် ဘောလုံးကွင်းထဲမှာ အပူချိန် ၂၃-၂၅ ဒီဂရီ စင်တီဂရိတ် ကို ထိန်းထားမယ့် စနစ်ကို အသုံးပြုမှာဖြစ်ပါတယ်။

ပင်လယ်ကွေ့ဒေသရဲ့ ရာသီဥတုပြောင်းလဲမှာကို စိုးရိမ်ပေမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပရာ နေရာတွေမှာ အပူချိန် သက်သာအောင် လုပ်ဆောင်ပေးထားမယ်လို့ ကာတာအာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် Greenpeace အဖွဲ့ကတော့ အသစ်ဆောက်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပမယ့် နေရာ ၇ နေရာကို နေရောင်ခြည်သုံး စနစ်တွေကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ရာရောက်ကြောင်း ပြောပါတယ်။

ဘောလုံးကွင်းတွေဟာ လူပေါင်း အနည်းဆုံး ၄၀,ဝ၀ဝ ကနေ ၈၀,ဝ၀ဝ အထိ ဆံ့မယ့် ကွင်းတွေဖြစ်ပါတယ်။  လူပေါင်း ၈၀,ဝ၀ဝ ဆံ့မယ့် လူဆေး ဘောလုံးကွင်းဟာ ဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပမယ့် ကွင်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်ကို ၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့စတင်ပြီး ကာတာအမျိုးသားနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဖိုင်နယ်ပွဲစဉ်ကို ကျင်းပမှာဖြစ်ပါတယ်။

ကာတာမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ၂၀၁၀ ခုနှစ်က မဲပေးရွေးချယ်ခံရဖြစ်ပါတယ်။ အဲဒီချိန်က အမေရိကန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကိုကျော်ပြီး ကာတာနိုင်ငံက ရွေးချယ် ခံခဲ့ရတာဖြစ်ပါတယ်။

MDN

ကိုးကား - AFP, www.sc.qa/en/stadiums & Stadiumguide