၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် တာဂျစ်ကစ္စတန်အသင်း နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပမည်

၁၂ နိုင်ဘာ

 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် တာဂျစ်ကစ္စတန်အသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (F)၌ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ကျရောက်နေပြီး သုံးပွဲကစား သုံးပွဲရှုံးနိမ့်ထားသောကြောင့် ယခုလအတွင်း ကစားရမည့် အိမ်ကွင်းနှစ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်၊ နိုဝင်ဘာ ၁၉ ရက်တွင်မွန်ဂိုလီးယားအသင်းနှင့် အိမ်ကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်ပွဲမတိုင်မီ နည်းပြအပြောင်းအလဲ ပြုလုပ်ထားပြီး ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးက နည်းပြချုပ်အဖြစ် ပြန်လည်ကိုင်တွယ်နေသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်က ကစားသည့် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲတွင် ခုနစ်ဂိုးပြတ် အရေးနိမ့်ပြီးနောက်ပိုင်း နည်းပြပြောင်းလဲခဲ့ခြင်းဖြစ်ပြီး နည်းပြသစ် အန်တွမ်နီဟေးလက်ထက်တွင် ခြေစမ်းပွဲတစ်ပွဲသာ ကစားရသေးကာ နီပေါလက်ရွေးစင်အသင်းကို သုံးဂိုးပြတ်အနိုင်ရထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ညနေ ၅ နာရီတွင် ကျင်းပမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်ကို အဝေးကွင်း၌ ခုနစ်ဂိုးပြတ် ရှုံးနိမ့်ထားသည်။ တာဂျစ်ကစ္စတန် အသင်းသည် သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုခြေစစ်ပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ်ထားပြီး အမာခံကစားသမားအများစု ပါဝင်နေသည်။

 

မြန်မာ့လက်ရွေးစင်အသင်းတွင် အဖွဲ့ခေါင်းဆောင် ဦးခွန်နောင်မြင့်ဝေ၊ နည်းပြချုပ် အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးမြင့်ကို၊ ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး၊ ဂိုး ကျော်ဇင်ထက်၊ ကျော်ဇင်ဖြိုး၊ ပြည့်လျှံအောင်၊ နောက်တန်း ဇော်မင်းထွန်း၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ပြည့်ဖြိုးဇော်၊ ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ သိန်းသန်းဝင်း၊ အလယ်တန်း ရန်နိုင်ဦး၊ ဇင်မင်းထွန်းလှိုင်းဘိုဘို၊ ငြိမ်းချမ်းအောင်၊ မျိုးကိုထွန်း၊ တင်ဝင်းအောင်၊ ဆွမ်လမန်၊ မောင်မောင်လွင်၊ သန်းထက်အောင်၊ ရှေ့တန်း အောင်သူ၊ ဝင်းနိုင်စိုး၊  သန်းပိုင်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်