၂၀၂၂ MNL ပြိုင်ပွဲ ပွဲစဉ်(၁)တွင် ဟံသာဝတီအသင်း ဂိုးပြတ်နိုင်ပွဲရ

ရန်ကုန်   ဇွန်   ၂၇

၂၀၂၂ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) ဒုတိယနေ့အဖြစ် ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဟံသာဝတီအသင်းက နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့သည်။

နောက်ဆုံးကျင်းပသည့် ၂၀၂၀ ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် ဟံသာဝတီအသင်းသည် ယခုရာသီ၏ ပထမဆုံးပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီအသင်းသည် ပွဲအစ ၁၃ မိနစ်အတွင်း သွင်းယူသည့်နှစ်ဂိုးဖြင့် အမှတ်ပြည့်ရခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီအသင်းသည် ၂၀၂၀ ပြိုင်ပွဲတွင် တတိယရခဲ့သော်လည်း ယင်းအသင်းမှ အမာခံကစားသမား အားလုံးနီးပါးမရှိတော့သဖြင့် လူငယ်ကစားသမားများဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဟံသာဝတီအသင်းသည် ကိုကိုနိုင် (ဂိုး)၊ ရွှေလှိုင်ဝင်း၊ လားဒင်မောရ၊ ရဲလင်းထက် စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ဧရာဝတီအသင်းတွင် အောင်နိုင်ဝင်း၊ ဇော်လင်း၊ ရာဇာအောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ရှစ်မိနစ်တွင် စိုးကျော်ကျော်က ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဟံသာဝတီ အသင်းက ဆက်တိုက်ဖိကစားပြီး ၁၃ မိနစ်တွင် စိုးကျော်ကျော်၏ ဖြတ်တင်ဘောမှတစ်ဆင့် ညီညီအောင်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဧရာဝတီအသင်း ချေပဂိုး ပြန်ရရန် တိုက်စစ်မြင့်လာသော်လည်း ဟံသာဝတီ ခံစစ်အမှားမရှိခဲ့သဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရခြင်း ဖြစ်သည်။ ဟံသာဝတီအသင်းမှာလည်း ဂိုးထပ်မသွင်းနိုင်သော်လည်း ဂိုးပြန်မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အနိုင် သုံးမှတ်ရယူနိုင်ခဲ့သည်။

ပွဲစဉ် (၁) တတိယနေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မဟာယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း- ကိုညီလေး

ဓာတ်ပုံ- သော်ကြီး