၂၀၂၃-၂၄ခု ဘဏ္ဍာနှစ်တွင်  ပုဂံ ရှေးဟောင်း သုတေသန ပြတိုက်သို့ ခရီးသွားဧည့်သည့်ဝင်ရောက်မှ ၉၀၀၀၀ ကျော်ရှိခဲ့ပြီး ကျပ် သိန်း  ၇၀၀ ကျော်ဝင်ရရှိခဲ့

ရန်ကုန် မေ ၂

၂၀၂၃-၂၄ခု ဘဏ္ဍာနှစ်အတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့်ဝင်ရောက်မှု ၉၄၉၅၁ ဦးရှိခဲ့ပြီး ငွေကျပ် ၇၁၉ သိန်းကျော်ဝင်ငွေရရှိခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး(ပြတိုက်) ဒေါ်ခက်ခက်လှက  ပြောသည်။

"၂၀၂၃ ဧပြီလကနေ ၂၀၂၄ မတ်လကုန်အထိ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်အတွင်းမှာ ပြတိုက်ကို ဝင်ရောက်ခဲ့တဲ့ဦးရေက ၉၄၉၅၁ ဦးဝင်ရောက်ခဲ့ပြီး ရရှိခဲ့တဲ့ဝင်ငွေက ကျပ် ၇၁၉၁၉၀၀၀ ရရှိခဲ့တယ်။ ဒါကတော့ ပြည်တွင်း/ပြည်ပ ဝင်ရောက်ခဲ့တဲ့ ခရီးသည်စုစုပေါင်းဖြစ်တယ်" ဟု ၄င်းကဆိုသည်။

ယင်းကဲ့သို့ ဝင်ရောက်ခဲ့သည့်အနက် ပြည်တွင်းမှ ခရီးသွားဝင်ရောက်သူဦးရေ ၉၄၂၉၅ ဦးရှိခဲ့ကာ  ဝင်ငွေ ၆၇၀၄၄၀၀၀ (သိန်းပေါင်းခြောက်ရာခုနစ်ဆယ်လေးသောင်းလေးထောင်) ဝင်ငွေရရှိခဲ့ပြီး ပြည်ပခရီးသွားဝင်ရောက်မှု ၆၅၆ ဦးရှိခဲ့၍ ၄၈၇၅၀၀၀(လေးဆယ့်ရှစ်သိန်းခုနစ်သောင်းငါးထောင်) ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

"ပြည်ပဝင်ရောက်မှုကတော့ နည်းပါသေးတယ်။ နိုင်ငံခြားသားဝင်ရောက်မှုအနေနဲ့  မတ်လအတွင်းကဆိုရင် ၄၀ လောက် ရှိခဲ့တယ်။ ဖေဖော်ဝါရီလအတွင်းမှာ ၂၃ ယောက်လောက်ပဲရှိခဲ့တယ်။ ပြည်ပထက် ပြည်တွင်းခရီးသွားတွေ ပိုများတယ်" ဟု လည်း ၄င်းကဆိုသည်။

ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကာ ၁၂ နှစ်အောက် ကလေးငယ်များနှင့် ကျောင်းထောက်ခံစာ ပါရှိပြီးလာရောက်လေ့လာသူ ကျောင်းသား/သူများနှင့် ရဟန်း၊ သံဃာများကို ဝင်ကြေး ကင်းလွတ်ခွင့် ပြုထားကြောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး(၁၀၀၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု (၈၃ဝဝဝ) ကျော်ဝင်‌ရောက်ခဲ့သည့်အနက် နိုင်ငံခြားသား(၃၂၈)ဦးသာ ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု (၉၄၀၀၀) ကျော်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု(၆၅၆)ဦး ရှိခဲ့သည်။

ယခုနှစ် ခရီးသွား ရာသီကာလအတွင်း ခရီးသွားများအနေဖြင့် ပုဂံ၊ အင်းလေး၊ ကလော၊ ချောင်းသာ၊ ‌ငွေဆောင် အစရှိသည့် နေရာဒေသများသို့ ခရီးသွားလည်ပတ်မှုများပြားခဲ့ပြီး လက်ရှိကာလ၌လည်း ရာသီဥတုအပူချိန်ကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အနည်းငယ်ကျဆင်းသွားသော်လည်း ခရီးသွားဝင်ရောက်မှု ဆက်လက် များပြားနေဆဲ ဖြစ်ကြောင်းလည်း ‌သိရသည်။

MT