၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်မည်

ရန်ကုန်   ဖေဖော်ဝါရီ   ၁၈

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

တတိယအဆင့်ခြေစစ်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း ခြောက်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက ပြီးစီးခဲ့သည့် ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် တတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ယှဉ်ပြိုင်ခွင့်ရသည့်အသင်းများကို အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင် စရာမလိုဘဲ ခြေစစ်ပွဲအောင်မြင်စေခဲ့ပြီး ကျန်အသင်းများကိုသာ တတိယအဆင့်ခြေစစ်ပွဲ ဆက်လက် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။

အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းအပါအဝင် အသင်း ၂၄ သင်း ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုခြောက်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး ငါးသင်း စုစုပေါင်း ၁၁ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ၂၀၂၃ အာရှဖလား ပြိုင်ပွဲ နောက်ဆုံး အဆင့်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အပါအဝင် ဂျပန်၊ ဆီးရီးယား၊ ကာတာ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်၊ ဗီယက်နမ်နှင့် လက်ဘနွန်အသင်းတို့မှာ တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ တိုက်ရိုက်ကစားခွင့်ရထား ပြီးဖြစ်သည်။

တတိယအဆင့်ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီဖြစ်ပြီး Pot 1 တွင် ဥဇဘက်ကစ္စတန်၊ ဘာရိန်း၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ Pot 2 တွင် ထိုင်း၊ တာဂျစ်ကစ္စတန်၊ ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကူဝိတ်၊ ဟောင်ကောင်၊ Pot3တွင် အာဖဂန်နစ္စတန်၊ ယီမင်၊ မြန်မာ၊ မလေးရှား၊ မော်လ်ဒိုက်၊ အင်ဒိုနီးရှား၊ Pot 4 တွင် စင်ကာပူ၊ နီပေါ၊ ကမ္ဘောဒီးယား၊ မွန်ဂို လီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာတို့ ပါဝင်နေသည်။

တတိယအဆင့်ခြေစစ်ပွဲကို ဇွန် (၈၊ ၁၁၊ ၁၄) ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ကျော့တည်းသာ ပြုလုပ်သွားမည် ဖြစ်သည်။

ကိုညီလေး