၂၀၂၄ ခုနှစ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

မကွေး မေ ၁

 

ပညာရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနှင့် တိုင်းရင်းသားပြည်သူများ ၂၀၂၄ ခုနှစ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး မကွေးတိုင်းဒေသကြီး ဦးစီးကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က “စာတတ်မြောက်ရေးလုပ်ငန်းကို မကွေး၊ သရက်၊ အောင်လံ စသည့်မြို့နယ်များတွင် စာသင်သားပေါင်း ၁၇၀၄ ဦးကို စာသင်ဝိုင်း ၁၀၉ ဝိုင်း၊ နည်းပြ ၁၂၂ ဦး၊ ကြီးကြပ် ၁၈ ဦးဖြင့် ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီကနေ့မှာတော့ သင်ကြားပြီးမြောက် ခဲ့ပြီဖြစ်၍ ဂုဏ်ပြုပွဲကို ကျင်းပရခြင်းဖြစကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း  စာတတ်မြောက်လာပြီဖြစ်၍ မိမိဘဝအတွက် အရေးကြီးသည့် ဘာသာရေးဆိုင်ရာ တရားစာပေများ၊ လူမှုရေကိစ္စရပ်များ၊ မိမိလုပ်ငန်း အောင်မြင်ရာ အောင်မြင်ကြောင်း အချက်အလက်များကို ရှာဖွေလေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသည့် တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း” အမှာစကားပြောကြားသည်။

 

ထို့နောက် ကျောင်းပြင်ပပညာရေး၏ ကဏ္ဍများဖြစ်သည့် စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး မနီတို့၏ရွာနှင့်မြစ်ဇာတ်လမ်းတို ဗီဒီယိုအား ပြသပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့်   တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦးတို့က လက်ခံရယူကြသည်။ ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ယူပြီးမြောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပညာရေးမှူးရုံးက ခင်းကျင်းပြသ ထားသည့် ၂၀၂၄ ခုနှစ် အခြေခံပညာ စာတတ်မြောက်ရေးလုပ်ငန်း မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှုပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

 

အောင်ကို(ဖန်ခါးမြေ)