၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီ အဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရွှေကြာပင်အားကစားရုံ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းများမှ အလားအလာရှိသည့် သင်တန်းသား/ သင်တန်းသူ လူငယ်မောင်မယ်များကို အားကစားနည်းအလိုက် နည်းစနစ်မှန်မှန်ကန်ကန်ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ဆက်လက်လေ့ကျင့်နိုင်စေရန် ယခုနွေရာသီ အဆင့်မြင့် အားကစားသင်တန်းများကို အားကစားနည်း (၁၁) နည်းဖြင့် ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက် စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်ခြင်းဖြင့် အခြေခံကျောင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အားကစားနည်း အခြေခံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထူးချွန်သူများကို စနစ်တကျရွေးချယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အားကစားနှင့် ကာယပညာ (သိပ္ပံ) ကျောင်းများသို့ နိုင်ငံတော်စရိတ်ဖြင့် တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ရွေးချယ်ခံရသူများဖြစ်အောင် ကြိုးစားသွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာ ဖြစ်သည့်အတွက် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန် အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာပြီး ပူးပေါင်ဆောင်ရွက်တတ်စေရန်နှင့် အားကစားပညာရပ်များ၊ အဆင့်မြင့်နည်းစနစ်များကို နားလည် တတ်ကျွမ်းအောင် ကြိုးစားလေ့ကျင့်သင်ယူကြပြီး နိုင်ငံတော်မှ အားထားရသည့် ထူးချွန်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစား လေ့ကျင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် အနာဂတ်ကြယ်ပွင့် ပရဟိတကျောင်းမှ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ် Sports Time Club နှင့် YGW မှ မြန်မာ့သိုင်းအားကစားအဖွဲ့တို့က သရုပ်ပြသကြပြီး ပြည်ထောင်စုဝန်ကြီးက အားကစားအဖွဲ့များကို အားကစားပစ္စည်းများ ထောက်ပံပေးအပ်၍ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေ များပေးအပ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများ တွေ့ဆုံပွဲအခမ်းအနားကို မွန်းတည့် (၁၂) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပသည်။

 

mdn


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအနေဖြင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် အထူးမှာကြားလိုကြောင်း၊ လေ့ကျင့်မှုများမှသာ ပြီးပြည့်စုံလာမည်ဖြစ်သည့်အတွက် လေ့ကျင့်မှုများများ ပြုလုပ်သွားရန်လိုကြောင်း၊ ယခုလေ့ကျင့်ရရှိထားသည့် စံချိန်/ စံညွှန်းများမှာ အားရကျေနပ်မှုမရှိသော်လည်း လေ့ကျင့်ရန်အချိန်ကာလ ကျန်ရှိသေးသည့်အတွက် ယခုထက် ပိုမိုအားထည့်ပြီး ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ ရာသီဥတုပူပြင်းလာပြီ ဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ နေထိုင်သွားလာစားသောက်မှုများ ဂရုစိုက်ဆင်ခြင်ရန်နှင့် မိသားစုစိတ်ဓါတ် ထားရှိပြီး စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ အခက်အခဲများရှိပါက တာဝန်ရှိသူများမှတဆင့် သတင်းပို့တင်ပြနိုင်ကြောင်း၊ အုပ်ချုပ်/ နည်းပြများကလည်း မိမိအားကစားသမားများက ယုံကြည်အားကိုး လေးစားမှုရှိအောင် ပြုမှုပြောဆိုနေထိုင်သွားရန်နှင့် အားကစားနည်းအလိုက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် နည်းစနစ်/ နည်းဥပဒေများကို အမြဲမပျက် လေ့လာဆည်းပူး၍ ခံယူချက်ကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန်လိုကြောင်း၊ အားကစားသမားများကိုလည်း အရည်အချင်းရှိပြီး ခန္ဓာကိုယ်ပိုင်းသာမက စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားလေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်