၂၀၅၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျားရောဂါကို အမြစ်ပြတ်ချေမှုန်းနိုင်ဟု ပညာရှင်များပြော

၁၁ စက်တင်ဘာ

 

၂၀၅၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျားရောဂါကို အမြစ်ပြတ်ချေမှုန်းနိုင်ကြောင်း ငှက်ဖျားရောဂါဆိုင်ရာ နိုင်ငံတကာ ပညာရှင်များအဖွဲ့က ပြောကြားသည်။ ခြင်ကြောင့်ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ် သော ငှက်ဖျားရောဂါကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ် လူ ၄၀ဝ,ဝ၀ဝ ကျော် သေဆုံးပြီး အများစုမှာ အာဖရိကတိုက်မှဖြစ်သည်။

 

အမေရိကန်နိုင်ငံနှင့် အာဖရိကတိုက်မှ ပညာရှင် ၄၁ ဦးပါဝင်သော အဖွဲ့သည် ပြီးခဲ့သော စက်တင်ဘာလ ၈ ရက်တွင် ဗြိတိန်ဆေးပညာဂျာနယ် The Lancet တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့သည်။ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှုတွင် တိုးတက်လာမှုနှင့် နှစ် ၂၀ ဝန်းကျင်အတွင်း ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေ သုံးဆများပြားလာမှုက ၂၀၅၀ ပြည့်နှစ်မတိုင်မီ ငှက်ဖျား ရောဂါကို အမြစ်ပြတ်တိုက်ဖျက်နိုင်သည်ဟု ပညာရှင်များကို ယုံကြည်လာစေကြောင်း အဆိုပါ အစီရင်ခံ စာက ဖော်ပြသည်။ နည်းပညာသစ် လေ့လာမှုများကိုလည်း ပိုမို လုပ်ဆောင်သင့်ပြီး ထိုသို့သော သုတေသနဆောင်ရွက်ရန် နှစ်စဉ်ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ လိုအပ်ကြောင်း အစီရင်ခံ စာက ဆိုသည်။

 

အစိုးရများ၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် ဒေသတွင်းနိုင်ငံများက အတူလက်တွဲဆောင်ရွက်ရန် ပညာရှင်များက တောင်းဆိုလိုက်သည်။ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် ပူးပေါင်းရန် ပုဂ္ဂလိကဖောင် ဒေးရှင်းများကို အားပေးခြင်းအားဖြင့် ရင်းနှီးမြှပ်နှံမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်