(၂၃)  ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ  ကျင်းပ

နေပြည်တော် ၅ နိုဝင်ဘာ

(၂၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝ ဘေးအန္တရာယ် ကြိုတင်သတိပေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် Regional Integrated Multi-Hazard Early Warning System (RIMES)မှ Climate Risk Management Specialist, Ms. Carlyne Zanoria Yu က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၂၂) ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား ပြန်လည် သုံးသပ်ခြင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဆောင်းရာသီကာလအတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင် ရာခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊ ယခင်မှတ်တမ်းများ၊ လက်ရှိအခြေအနေများနှင့် ခန့်မှန်းချက်များအပေါ် အခြေခံသည့် ၂၀၁၉-၂၀၂၀ ခုနှစ် ဆောင်းရာသီကာလအတွက် ကဏ္ဍ အလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့အစည်း ဆိုင်ရာနှင့် End User များအနေဖြင့် ထိခိုက်မှုအလားအလာအခြေအနေအပေါ် အခြေခံသည့်ရာသီ အလိုက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များအား တင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် Stakeholders များ၏ အကြံပြုချက်များအတိုင်း ပိုမိုကောင်းမွန်သည့် ခန့်မှန်းချက်များအား ထုတ်ပြန်ရာတွင် နည်းပညာအသုံးချမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် မဟာဗျူဟာချမှတ်ခြင်း၊ အခြားသော သဘာဝဘေးများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များအား သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များဖွဲ့၍ အသေးစိတ် ဆွေးနွေးခြင်း ဆောင်ရွက်ကြသည်။

ယင်းနောက် အစည်းအဝေးတွင် မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ( ၂ ) ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် ( ၂၃ ) ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)