(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် လျာထား

ရန်ကုန်   နိုဝင်ဘာ   ၇

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ  ကျင်းပရန်လျာထားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ယင်းပြိုင်ပွဲ ဖွင့်ပွဲကို မေ၁၂ ရက်၊ ပိတ်ပွဲကို မေ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အားကစားနည်းအချို့ကိုမူ ဖွင့်ပွဲရက်ထက်စော၍ ပြုလုပ်မည်ဖြစ်သည်။ ဗီယက်နမ်  အိုလံပစ်ကော်မတီ တာဝန်ရှိသူများအနေဖြင့် ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ကျင်းပရန်စီစဉ်နေပြီး ဗီယက်နမ်အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်ရရှိပါက ယင်းကာလအတိုင်း ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ပုံမှန်အရ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရမည် ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် လာမည့်နှစ်သို့ရွှေ့ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်လက ပြုလုပ် ခဲ့သည့် ဆီးဂိမ်းအဖွဲ့ချုပ် အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် မေလလယ်တွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၄ဝ မှ ပြိုင်ပွဲ အမျိုးအစား ၅၂၀ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ မြားပစ်၊ ရေကူး၊ ကြက်တောင်၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ ဝူရှူး၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့်စနူကာ၊ ကာယဗလ၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူးကယက်၊ စစ်တုရင်၊ စက်ဘီး၊ Dancespot၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ Handball ၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ Esports ၊ ဓားရေး၊ ကရာတေး၊ ကစ်ဘောင်ဆင် Kurashi မွေထိုင်း၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ Xiangqi တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘောအားကစားနည်းများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၀၃ ခုနှစ်တွင် လက်ခံကျင်းပပြီးနောက် ပိုင်း ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။

ရဲရင့်လွင်