(၄၀)ကြိမ်မြောက် ကရင်ပြည်နယ်ပအိုဝ်းအမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဘားအံ   ၈    မတ်

 

ကရင်ပြည်နယ်အတွင်း ရှေးပဝေသဏီကတည်းက တိုင်းရင်းသားလူမျိုးများ အေးအတူပူအမျှ အတူတကွ စုစည်း နေထိုင်လာခဲ့ကြရာ မတ်လ ၈ ရက်၊ တပေါင်းလပြည့်နေ့တွင်ကျရောက်သော (၄၀)ကြိမ်မြောက် ကရင်ပြည်နယ် ပအိုဝ်း အမျိုးသားနေ့အခမ်းအနားကို ဘားအံမြို့နယ် မဲဘောင်ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

df35

 

အခမ်းအနားတွင် သဘာပတိ ဦးခွန်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သောသဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ဖတ်ကြားသည်။

 

ထို့နောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် တင်ပြသည့်စာတမ်းကို ပအိုဝ်းဘာသာဖြင့် ဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများက ဘွဲ့တံဆိပ်တော်ရ ပအိုဝ်းဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်၍  ဂုဏ်ပြုခံအထင်ကရ သက်ကြီးပအိုဝ်းခေါင်းဆောင်များ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ပအိုဝ်းအနုပညာ ထူးချွန်ဆုရရှိသူတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ပအိုဝ်းလူမျိုးများသည် ဘာသာတရားကိုကိုင်းရှိုင်းသည့် တိုင်ရင်းသားများဖြစ်ကာ ကရင်ပြည်နယ်အတွင်း ဘားအံ မြို့နယ်တွင် အများဆုံးနေထိုင်၍ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖါပွန် မြို့နယ်တို့တွင်လည်း ပျံနှံနေထိုင်ကြကြောင်း၊ ကရင်ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာ မြို့ရွာများတွင် တစ်နှစ်တစ်ကြိမ် လှည့်လည်ကျင်းပလေ့ရှိပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ကျင်းပခြင်းများလည်းရှိကြောင်း၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် သမိုင်းကို ထိန်းသိမ်းမြှင့်တင်လိုသော၊ ဇာတိသွေး ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ရှင်သန်ထက်မြက်၍ နိုင်ငံကို ချစ်မြတ်နိုးတက်သော စိတ်ဓါတ်များ အစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပခြင်းဖြစ်ပြီး (၄၀)ကြိမ်မြောက် ကရင်ပြည်နယ် ပအိုဝ်းအမျိုးသားနေ့ပွဲတော်တွင် မုခ်ဦးဖွင့်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ပအိုဝ်းအမျိုးသားနေ့အခမ်းအနား၊ ပအိုဝ်းရိုးရာယဉ်ကျေးမှုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ၊ ပျော်ပွဲရွင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)