၄၃ ရာခိုင်နှုန်းသော ကျောင်းများတွင် လက်ဆေးရန်အတွက် ပစ္စည်းကိရိယာများ မရှိဟု ကုလထုတ်ပြန်

၁၃ ဩဂုတ်

 

 

ပြီးခဲ့သည့်နှစ် အတွင်းက ကမ္ဘာတစ်ဝန်းရှိ ကျောင်းများ၏ ၄၃ ရာခိုင်နှုန်းသည်  ဆပ်ပြာနှင့် လက်သန့်ဆေးရည်များ မရှိခဲ့ကြောင်း  ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါအတွင်း ကျောင်းများလုံခြုံစွာ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အဆိုပါ အရင်းအမြစ်များကို ကျောင်းများမှ သေချာစွာ  ထားရှိပေးရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ က ဩဂုတ် ၁၃ ရက်နေ့က ပူးတွဲအစီရင်ခံစာ အထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

 

ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်ပေါင်း ၈၁၈ သန်းသည် ၎င်းတို့၏ စာသင်ခန်းများတွင် တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အခြေခံ ဝန်ဆောင်မှုများ  မရှိကြပဲ ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ အာဖရိကတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း  အဆိုပါ အဖွဲ့အစည်းက  ပြောကြားခဲ့သည်။

 

 

ဩဂုတ်လ ၂ ရက်နေ့အထိ နိုင်ငံပေါင်း ၁၀၆ နိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများ ပိတ်ထားခြင်းသည်  ကလေးငယ်ပေါင်း ၁ ဘီလီယံ သို့မဟုတ် ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားပေါင်း ၆၀ ဒသမ ၅ ရာခိုင်နှုန်း အပေါ် သက်ရောက်မှုရှိကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောကြားခဲ့သည်။ 

 

 

 

ကလေးငယ်များ ကျောင်းသို့ ပြန်ပို့နိုင်ရန်အတွက် လက်သန့်ရှင်းရေး၊  သန့်ရှင်းသော သောက်သုံးရေနှင့် လုံခြုံသော သန့်ရှင်းရေး စနစ်များကို အသုံးပြုရန် အရေးကြီးကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ အကြီးအကဲ ဖြစ်သူက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်