(၅၁)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ ပြည်တွင်းအဆင့်ပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများရရှိ

နေပြည်တော် စက်တင်ဘာ ၁၂

 

(၅၁)ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ပထမဆုကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် WISDOM HILL Private High School Grade-7 မှ မောင်မိုးထက်အောင်က လည်းကောင်း၊ ဒုတိယဆုကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က(၅) ပျဉ်းမနားမြို့ Grade-8 မှ မသက်မှူးခင်က လည်းကောင်း၊ တတိယဆုကို မကွေးတိုင်းဒေသကြီး အ.ထ.က(၁) မကွေးမြို့နယ် Grade-8 မှ မခင်ခင်ဦးသာက လည်းကောင်း၊ အထူးဆုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ Noble ကိုယ်ပိုင် အထက်တန်းကျောင်း Grade-7 မှ မောင်ဘုန်းမော်ရွှေနှင့် ပဲခူးတိုင်းဒေသကြီး အ.ထ.က(၃) ပဲခူးမြို့နယ် Grade-6(B)မှ မပွင့်ဝေဖူးတို့က ဆွတ်ခူးရရှိခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

 

ကုလသမဂ္ဂပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(UPU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အဖြစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင် နိုင်ငံများရှိ ပြိုင်ပွဲကျင်းပရေးအဖွဲ့ (National Organizing Body) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ အသက်(၁၅)နှစ်နှင့်အောက် လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကျင်းပပေးလျက်ရှိသည်။

 

၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ “Write a letter to an influential person about why and how to take action on climate change” ဟူသော ခေါင်းစဉ်ပေးပို့လာပြီး မြန်မာနိုင်ငံအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (ပြည်တွင်းအဆင့်) အင်္ဂလိပ်ဘာသာဖြင့် ပေးစာရေးပြိုင်ပွဲကို ယခုနှစ် မတ် ၁၀ ရက်တွင် မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူ ၄၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

 

သတင်းစဉ်