(၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲအတွက် လက်ရွေးစင်လူရွေးပွဲ ကျင်းပမည်

ရန်ကုန် ၁၁ ဇူလိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Inner Mongolia ၌ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၅၃)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရွေးစင် အားကစားသမားများ ရွေးချယ်ပွဲကို ဇူလိုင် ၂၇ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မြို့တော်စည်ပင်အားကစားဝင်း ကာယဗလလေ့ကျင့်ရေးစခန်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အမျိုးသား အမျိုးသမီး ၂၀၁၉ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် အာရှနှင့်ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲဝင် အားကစားသမားများသည် တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ရမည်ဖြစ်ပြီး လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး ဆေးစစ်ဆေးမှုခံယူရာတွင် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

အာကာစိုး