၆၆ နှစ်ပြည့် ဆင်မကြီး မိုမိုမွေးနေ့၌ ဘူဖေးအစားအစာဖြင့် မွေးနေ့ပွဲကျင်းပမည်

mdn

ရန်ကုန် ၁၇ အောက်တိုဘာ

 

၁၉၆၁ ခုနှစ်တွင် ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သို့ ရောက်ရှိလာသော ဆင်မကြီးမိုမိုမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် အသက် ၆၆ နှစ်ပြည့်ပြီဖြစ်ရာ ဆယ်စုနှစ်ခေတ်များစွာကို ဖြတ်သန်းလာသော ဆင်မကြီးမိုမို ယနေ့တိုင် အသက်ရှင်သန်လျက်ရှိ၍ မိုမိုမွေးနေ့အား အောက်တိုဘာ ၂၁ ရက်နေ့၌ ကျန်ရှိသော ဆင်သုံးကောင်နှင့်အတူ အသီးအနှံ့မျိုးစုံ ဘူဖေးကျွေးမွေးခြင်းဖြင့် အသက် ၆၆ နှစ်ပြည့်မွေးနေ့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ် သက်တမ်းမှာ ၁၁၄ နှစ်ရှိပြီဖြစ်၍ ထိုတိရစ္ဆာန်ဉယျာဉ်တွင် ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့၌ အသက် နှစ်နီးပါးရှိသော ဆင်မလေးအား ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သစ်လုပ်ငန်းလုပ်ကိုင်သူ ဦးခွန်ဆန္ဒက တောထဲတွင် တစ်ကောင်တည်းတွေ့ရှိ၍ နေအိမ်သို့ခေါ်ဆောင်ခဲ့ပြီး မိသားစုက ချစ်ခင်သောကြောင့် သစ်ဆွဲဆင်အဖြစ် အသုံးမပြုလိုသည့်အတွက် အေးချမ်းစွာနေထိုင်နိုင်ရန် ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သို့ ပို့ဆောင်ခဲ့သည်။ ရန်ကုန်တိရစ္တာန်ဉယျာဉ်မှ ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး ဆင်ပိုင်ရှင်အား အမည်ပေးခဲ့ရန် ပြောကြားရာ ဆင်ပေါက်လေး၏ ဆင်ဦးစီးအား ဦးခွန်ဆန္ဒကအမည်ပေးခဲ့ရန် ခွင့်ပြုခဲ့၍ ဆင်ဦးစီး၏ ဇနီးအမည်ဖြစ်သော မခင်မိုမိုအမည်ကို အစွဲပြု၍ မိုမိုဟု အမည်ပေးခဲ့ရာမှ ယနေ့တိုင်မိုမိုဟု အမည်တွင်ခြင်းဖြစ်သည်။

 

ကမ္ဘာပေါ်၌ ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် ဆင်သည် အကြီးဆုံး နို့တိုက်သတ္တဝါဖြစ်ပြီး ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ တရားမဝင်ရောင်းချမှုကြောင့် ဆင်သေဆုံးမှု မြင့်တက်ခဲ့ရာ အာရှဆင်ကောင်ရေ ၃၅၀၀၀၊ ၄၀၀၀၀ ခန့်၊ အာဖရိကဆင် ၄၅၀၀၀၀ ခန့်သာ ကျန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး (ICUM) က ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်နှစ်မျိုးသာရှိပြီး အာရှဆင်တွင် အိန္ဒိယဆင်၊ ဘော်နီရိုဆင်နှင့် သီရိလင်္ကာဆင်ဟူ၍ ခွဲခြားထားပြီး မြန်မာဆင်သည် အိန္ဒိယဆင်အမျိုးအစားတွင် ပါဝင်၍ ဆင်အမျိုးအစားတွင် ဘော်နီရိုဆင်သည် အသေးဆုံးဖြစ်သည်။ အကြီးဆုံးသည် သီရိလင်္ကာဆင်ဖြစ်ပြီး မြန်မာဆင်သည် ခွန်အားဗလနှင့် ရုပ်ဆင်းအင်္ဂါ အခြားဆင်တို့ထက် သာလွန်သောကြောင့် ဆင်မကြီးမိုမိုသည် နှစ်လိုဖွယ်ကောင်းသော လက္ခဏာနှ င့်ပြည့်စုံလျက်ရှိရာ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သို့ လာရောက်သော ပြည်သူတို့၏ ချစ်ခင်မှုကို ယနေ့တိုင် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

 

ယခုအခါ မိုမို ၆၆ နှစ်နှင့်အတူ အသက် ၂၁ နှစ်ရှိ မျိုးမျိုး အသက် ၂၀ ရှိ မိချောနှင့် အသက် ၁၉ နှစ်ကျော်ရှိမလှဆင်အမသုံးကောင်ကိုလည်း ရန်ကုန်တိရစ္ဆာန်ဉယျာဉ်၌ ပြသထားရာ စိတ်သဘောထားနှစ်လိုဖွယ်ကောင်းသော မိုမို၏ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်မှုမရှိဘဲ ယနေ့တိုင် အေးချမ်းစွာနေထိုင်လျက်ရှိသည်။ မိုမို ရန်ကုန်တိရစ္ဆာန်ဉယျာဉ်သို့ စတင်ရောက်ရှိစဉ် ကနဦးရောက်ရှိနေသော အောင်တိုးနှင့် ဂျင်းဖောဆင်မောင်နှံရှိရာ ဂျင်းဖောမှ ဆင်တစ်ကောင်မွေးဖွားသောကြောင့် ဆင်ကိုးကောင်ရှိသည့်အတွက် နေထိုင်ရန်အကျယ်အဝန်းနှင့် အစားအစာအခက်အခဲတို့ကြောင့် သစ်လုပ်ငန်းသို့ ပေးပို့ခဲ့ရာ ယခုအခါ မိုမိုနှင့်အတူ ဆင်အမလေးကောင်ကို ရန်ကုန်တိရစ္ဆာန်ဉယျာဉ်တွင် ပြသထားသည်။

 

ကိုဗစ်-၁၉ ကာလ၌ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်ကို မတ်လက စတင်ပိတ်ထားပြီး မိုမိုမွေးနေ့ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်၏ CEO ဖြစ်သူ ဒေါ်ကြည်ဖြူဇော်က ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် ယခင်လို ပွဲလုပ်ဖို့ မရှိပါဘူး။ မိုမိုရဲ့မွေးနေ့ကို သူရဲ့ဝန်ထမ်းတွေ၊ ဆရာဝန်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ Life လွှင့်ဖို့ရှိပါတယ်။ နှစ်သမီးထဲက ရောက်လာတယ်ဆိုတော့ အခု ၆၆ နှစ်ရှိပါပြီ။ မိုမိုကို ကလေးကအစ ချစ်ကြတယ်။ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အနေနဲ့ မိုမို ယခုထက်ပိုပြီး အသက်ရှည်အောင် ပြုစုစောင့်ရှောက်နေပါတယ်။ နှစ်ရာကျော် အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်ဟု ပြောကြားသည်။

 

အောက်တိုဘာ ၂၁ ရက် မိုမို၏ မွေးနေ့ပွဲ၌ သီးနှံမျိုးစုံ ဘူဖေးအစားအစာကျွေး၍ ကျင်းပခဲ့မှုပုံရိပ်တို့ကို Yangon Zoo Online တွင် အောက်တိုဘာ ၂၅ ရက်နေ့၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ- Ygn Zoo