(၆၉)ကြိမ်မြောက် “ပအိုဝ်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ)” ပွဲတော်အား ကြိုဆိုဂုဏ်ပြု

ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံအရှေ့ဘက်နယ်စပ်ဒေသ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ပျံ့နှံ့နေထိုင် လျက်ရှိသည်။ ထိုင်း၊ ကမ္ဘောဒီးယားတို့တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံး နေထိုင်သော မြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချားစသည့် မြို့နယ်တို့တွင် နေထိုင်ကြပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဘားအံ၊ ကော့ကရိတ်စသည့် ဒေသများတွင်လည်း အများဆုံး ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။

 

 

အမျိုးသားနေ့သည် လူတိုင်းအဖို့ ထူးခြားသည့် နေ့ထူးနေ့မြတ် တစ်ရက်ပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည် မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။ အမျိုးသားနေ့သည်ပင်လျှင် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လှုံ့ဆော်ပေးသည့် နေ့တစ်နေ့ပင်ဖြစ်ပေသည်။

 

ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဉ်အလာကို အ​ကြောင်းပြု၍ “ဒဲဉ်သီးလာဗွေ” တပေါင်းလပြည့်နေ့ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည်။ ပအိုဝ်းအမျိုးသားနေ့နှင့် ပတ်သက်၍ ဖော်ပြရလျှင် ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးဇူးတရားသိရှိမှု၊ နားလည်သဘောပေါက်မှု စသော ဗုဒ္ဓဘာသာ၏ အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများဖြစ်ပြီး အမျိုးသားနေ့သည် မိမိတို့လူမျိုး ဘိုးဘွားမျိုးနွယ်ဆက်များ၏ ကျေးဇူးတရားကို အောက်မေ့သတိရသည့်စိတ် တဖွားဖွား ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားနေ့သည် ကျေးဇူးတရားကို သိမှုမှ စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်၊ မဟာသက္ကရာဇ်(၃)နှစ် တပေါင်းလပြည့်(စနေနေ့)လဝင်/နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သော အချိန်တွင် မင်းတစ်ပါး ဖွားမြင်ခဲ့သည်။ ထိုမင်းသည် လဝင်/ နေထွက်အချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့၏။ သထုံမြို့ရှိ လေးဆူဓာတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့် သာသနာ့ ဒါယကာမင်းမြတ်ဖြစ်၏။ ဤကျေးဇူးတရားများကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုး သားနေ့” “ဒဲဉ်သီးလာဗွေ” အဖြစ် သတ်မှတ်ကြခြင်း ဖြစ်ပေသည်။

 

ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး၊ လုပ်ငန်းခွင် ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲကို ကျင်းပကြသည်။ ကောက်ဦးတင် ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် မိအိုဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ  ကောက်ဦးကျွေးမွေးကာ ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ ကောက်ဦးတင် ပူဇော်ပွဲတွင် တောင်ပေါ်မြေပြန့် ရပ်ဝေးရပ်နီး မိတ်ဆွေများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့ကြသည်ကို သိရှိရသည်။ ထို့ကြောင့် တပေါင်းလပြည့်(ဒဲဉ်သီးလာဗွေ)နေ့ ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကို ကောက်ဦးပူဇော်ပွဲ၊ ဆွေမျိုးတွေ့ဆုံပွဲ ပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ရပါသည်။

 

ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိရာ ယနေ့ထိ (၆၉)ကြိမ်မြောက် ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်ဘဲ ပိုမိုကျယ်ပြန့် သစ်လွင်သည့် အဓိပ္ပာယ်နှင့် အနှစ်သာရကို ဆောင်ယူမည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာသည်ကို တွေ့ရှိရပါသည်။ သူရိယစန္ဒာဘုရင် ဖွားမြင်သော တပေါင်းလပြည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း  ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးအများစုနေထိုင်ရာ ပြည်တွင်းရော၊ ပြည်ပမှာပါ ကျင်းပလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ပအိုဝ်းလူမျိုး ခေါင်းဆောင်အဆက်ဆက်နှင့် ပအိုဝ်းပြည်သူ လူထုတို့၏ ကြိုးပမ်း အားထုတ်မှုကြောင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၅၆)အရ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသကို ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ နောင်တရားမြို့နယ်တွေကို သတ်မှတ်ခဲ့ပြီးဖြစ်သည်။ ပအိုဝ်းဒေသတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းမြတ်ခြင်း အသီးအပွင့်ကို ပအိုဝ်းဒေသနေ ပြည်သူတိုင်း ခံစားခဲ့ကြရပြီ ဖြစ်သည်။

 

ယခင်က ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေတို့တွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တက္ကသိုလ်များ၊ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီက နှစ်စဉ်နှစ်တိုင်း ဦးစီးပြီး ကျင်းပခဲ့သည်။ ယခုအခါ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် ခမ်းနားကြီးကျယ်စွာဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိရာ ယခု(၆၉) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ကိုလည်း ၂၀၁၈ခုနှစ် မတ်လ ၁ရက်နေ့ (တပေါင်း လပြည့်နေ့)တွင် ကျင်းပပြုလုပ်ရန်အတွက် ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်၍ ဆပ်ကော်မတီ(၄၈)ခုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

 

ယင်းပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများမှ ပေးပို့သော သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသားအလံတော်ကို ကိုင်ဆောင်သောအဖွဲ့က ကွင်းထဲသို့ ချီတက်ကာ ပအိုဝ်းအမျိုးသား အလံတော်ကို လွှင့်တင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက်လာကြသည့် ပရိသတ်များက တညီတညွတ်တည်း အလေးပြုခဲ့ကြသည်ကို မျက်မြင်တွေ့ရှိရပေသည်။

 

ပျော်ပွဲရွှင်ပွဲဖြစ်သည့် အားကစားပြိုင်ပွဲ၊ ပအိုဝ်းရိုးရာအကပဒေသာပြိုင်ပွဲ၊ ပအိုဝ်းအမျိုးသမီး လှယဉ်ကျေး မယ်ပြိုင်ပွဲ၊ ပအိုဝ်းစာပေနှင့်ပန်းချီပြိုင်ပွဲများ၊ ပညာပေးပြခန်းများ၊ အလှူပဒေသာပင် စီတန်းလှည့်လည်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်ကို တွေ့ရှိရပါသည်။ ထိုနည်းတူ ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းလူမျိုးများ နေထိုင်ရာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် ပြည်ပတွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယားရှိ ပအိုဝ်းတိုင်းရင်းသား လူမျိုးများကလည်း စည်စည်ကားကား ကျင်းပကြကြောင်း သိရှိရပါသည်။

 

 

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကွဲပြားခြားနားသည့် ပထဝီဒေသ အသီးသီးမှာ ရှိကြသည့် တိုင်းရင်းသား အသီးသီးဟာ မိမိတို့ရဲ့ ဘာသာဓလေ့ အသီးသီးကို အမြတ်တနိုး ကျင့်သုံးနေထိုင်ကြရင်း တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များကို တိုင်းရင်းသား ပြည်သူအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပါသည်။

 

ရှမ်းပြည်နယ်ကြီး၏ အနာဂတ်ရှေ့ခရီးမှာ ဘက်စုံထောင့်စုံမှ ဖွံ့ဖြိုးတိုးတက်လာစေရန် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော ပအိုဝ်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွား ညီအစ်ကို မောင်နှမများ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်နှင့် ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် (၆၉)ကြိမ် မြောက် “ပအိုဝ်းအမျိုးသားနေ့”ကို ဂုဏ်ပြု ရေးသားတင်ပြ လိုက်ရပါသည်။

 

ကိုးကား-       ပြည်ထောင်စုထဲက ပအိုဝ်း

 

နန်းဦးခမ်း(ဟိုပုံး)