(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ ကစားနည်းများနှင့် အားကစားပြိုင်ပွဲများ ရန်ကုန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန် ၄  ဇန်နဝါရီ 

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများ၊ ပျော်ရွှင်ဖွယ်ရာကစားနည်းများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ အပိုင်း(၂) သာယာရေးနှင့် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းလှိုင်က “လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနဲ့ အားကစားပြိုင်ပွဲ တွေကို ကျွန်တော်တို့အနေနဲ့ ပထမဆုံးကျင်းပတာပါ။ အလှူရှင်တွေ စေတနာအလျှောက် လှူဒါန်းတဲ့ ငွေကြေးလေးတွေနဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးတွေ ပျော်ရွှင်အောင် ကစားနည်းလေးတွေကို ကျင်းပပြီး ဆုချီးမြှင့်ပေးတာပါ။ အားကစားနည်း တော်တော်များများ ပါဝင်ပါတယ်။ လူကြီး၊ လူငယ်မရွေး နိုင်ငံသားတိုင်း လွတ်လပ်ရေးနေ့ကို အမြတ်တနိုး တန်ဖိုးထားပြီး အမြဲတမ်းသတိရနေစေဖို့ အခုလို ကျင်းပပေးတာပါ” ဟုပြောသည်။

ယနေ့သည်မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် အမြတ်တနိုးတန်ဖိုးထားကြသည့်  (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရပ်ကွက်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲ များ၊ ပျော်ရွှင်စရာကစားနည်းများ၊ အထိမ်းအမှတ် အခမ်းအနားများနှင့် အားကစားပြိုင်ပွဲများကို ကျင်းပကြသည့်အပြင် စတုဒိသာ အလှူများကိုလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်များ၌ ပြုလုပ်ကြသည်ကို တွေ့ရ သည်။

ထိုသို့ကျင်းပရာတွင် ပျော်ရွှင်စရာကစားနည်းများအဖြစ် လက်ဆင့်ကမ်းပြေးပွဲ၊ မုန့်စား၊ ပူပေါင်းဖောက်၊ အပြေး၊ ဂုံနီအိတ်စွပ်၊  အာလူးကောက်၊ ဆန်ကောရွက်၊ အပ်ချည်ကြိုးထိုး၊ အုန်းသီးလု၊ ဖယောင်းတိုင်မီးထွန်း၊ ကုန်းပိုး၊ သံပုန်းရိုက်၊ အုန်းသီးရိုက်၊ ထုပ်စည်းတိုး၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ ဘောလုံးပြိုင်ပွဲများပါဝင်ကြောင်း သိရသည်။

 

mdn

 

စတုတ္ထတန်းကျောင်းသား မောင်လမင်းမောင်က “ လွတ်လပ်ရေးနေ့ရောက်ရင် ကစားနည်းမျိုးစုံ ပြိုင်ပွဲတွေလုပ်တော့ ပျော်စရာကောင်းတယ်။ အပြေးပြိုင်ပွဲနဲ့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ဆုရတယ်။ အရင်နှစ်တွေတုန်းကလည်း ပြိုင်ခဲ့တယ်။ ဆုတွေလည်းရခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အခုလို ပျော်စရာကစားနည်းတွေနဲ့ အမှတ်တရဖြစ်အောင်လုပ်ပေးတော့ သားတို့ရင်ထဲမှာ လွတ်လပ်ရေးနေ့ကို အမြဲတမ်းအမှတ်ရနေမှာပါ”  ဟု ပြောသည်။

လွတ်လပ်ရေးနေ့တွင် ရပ်ကွက်တိုင်း၊ လမ်းတိုင်း၌ ကလေးငယ်များအတွက် ပျော်ရွှင်ကစားနည်းများနှင့် အားကစားပြိုင်ပွဲများကို ကျင်းလာခဲ့သည်မှာ ခေတ်အဆက်ဆက်ဖြစ်ကြောင်း၊ အစဉ်အလာ တစ်ခုလိုဖြစ်လာကြောင်း၊ ယခုအခါ အားကစားနည်းများ ပိုမိုစုံလင်လာကြောင်း၊ ယင်းကဲ့သို့ ကစားခြင်းဖြင့် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ပညာဉာဏ်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှသာလျှင် ပညာဉာဏ်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်အတွက် သားကောင်းရတနာများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် က ၎င်း၏ အမြင်ကိုပြောသည်။

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများကို ပိုမိုသိရှိစေရန်၊ လွတ်လပ်ရေးနေ့ သမိုင်းကြောင်းနှင့် တန်ဖိုးကိုသိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန်၊  စည်းလုံးညီညွှတ်မှုနှင့် အားကစားစိတ်ဓာတ်များ ပိုမိုအားလာစေရန်၊ တိမ်မြုပ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာကစားနည်းများ ပြန်လည်ထွန်းကားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများနှင့် ကစားနည်းများကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

mdn