(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများသို့ သူရဦးရွှေမန်း တက်ရောက်

နေပြည်တော် ၃  ဇန်နဝါရီ

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများ၊ ကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်မှု ဓါတ်ပုံပြပွဲနှင့် အဆင့်မြင့် အားကစားကွင်း၊ အားကစားရုံ ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။ 

3

 

ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာဝန် ရှိသူများ၊ ၂၀၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ ဖြူးမြို့နယ်မှ မနွယ်နီအောင်နှင့် နိုင်ငံတကာသင်္ချာ စွမ်းရည်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ မောင်သွေးသွေး ထူးချွန် ကျောင်းသားတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

4

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဖွင့်ပွဲ အခမ်းအနား အဖြစ် ဖြူးမြို့နယ်တွင်  မြို့နယ်အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမ၊  အဆင့်မြင့်အားကစား ကွင်း/ အားကစားရုံ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆေးရုံစသည်တို့ အဆင့်မှီစွာ ရရှိနိုင်ရေး ကြိုးစား ဆောင်ရွက်ရာတွင် ယခုကဲ့သို့ အားကစားကွင်း/အားကစားရုံများ အဆင့်မီမီ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထူးဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားသည် လူတိုင်းအတွက် အရေးကြီးသလို မြို့နယ်၊ နိုင်ငံတိုင်းတွင်လည်း အရေးကြီးသော အရာပင်ဖြစ်ပါကြောင်း၊ အားကစား ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအရာများမှာ အားကစားစိတ်ဓါတ်ကောင်းမွန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ စည်းလုံး ညီညွတ်ခြင်း စသည်တို့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆင့်မြှင့်တင်ပြုပြင်ထားရှိသော အားကစား ကွင်း/အားကစားရုံများကို အသုံးပြု၍ ဖြူးမြို့နယ်သူ/ မြို့နယ်သားများအနေဖြင့် စိတ်ဓါတ် ပိုမိုကြံ့ခိုင် လာအောင် စည်းကမ်းပိုမိုကောင်းမွန်လာအောင် အချင်းချင်းစည်းလုံးညီညွတ်မှု ပိုမို ရရှိလာအောင်၊ အားကစားပြုလုပ်ခြင်းဖြင့် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားကစားသမားကောင်း တစ်ယောက်သည် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် ပြိုင်ပွဲဝင်နိုင်ရန်အတွက် အချိန်မှန်အိပ်၊ အချိန်မှန်လေ့ကျင့်ပြီး ကောင်းမွန်သောစည်းကမ်းဖြင့် နေထိုင်လေ့ကျင့်ထားပြီး  အားကစားသမား အသင်းဝင် အချင်းချင်း စည်းလုံးညီညွတ်မှု ရှိရှိဖြင့် လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓါတ်၊ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားမည့် ထိုပြိုင်ပွဲတိုင်းကို အောင်မြင်မည် ဖြစ်ပါကြောင်း။

ထိုသို့ အားကစားစိတ်ဓါတ်ကို အခြေခံပြီး  လူတိုင်းလူတိုင်း လိုက်နာကျင့်သုံးနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ အရာရာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။    

ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် မှန်ကန်သောစိတ်ဓါတ်၊ မှန်ကန်သောစည်းကမ်း၊ မှန်ကန်သော စည်းလုံးညီညွတ်မှုကို အားလုံးမွေးမြူရန်လိုအပ်ပြီး အားကစားကို လေ့လာလိုက်စားခြင်းဖြင့် အဆိုပါ အခြေခံကောင်းများ ရရှိပိုင်နိုင်မှာဖြစ်ပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင်  အဆိုပါ အားကစားမှ ရရှိသောအခြေခံအချက်များသည် များစွာအထောက်အကူပြုမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖြူးမြို့နယ် အားကစားကွင်း အဆင့်မြှင့် တင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဖြူးမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွကျေပ်သိန်း(၂၀) တန်ဘိုးရှိ စားပွဲတင်တင်းနစ် ခုံ(၃)လုံးနှင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အားကစားပစ္စည်းများကို ပံ့ပိုးလှူဒါန်းရာ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့် က ကျေးဇူးတင်စကားပြောကြား သည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများက တေးသီချင်းများ၊ အေရိုးဗစ်အကများဖြင့် သရုပ်ပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူလေးများအား ဂုဏ်ပြုဆုပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက အားကစားသမားများ လေ့ကျင့်နေမှုများနှင့် အားကစားကွင်း/ အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)