(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်  ၁  ဖေဖော်ဝါရီ

 

(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့(ရန်ကုန်)ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဖေတင်၊ ကျင်းပရေးဒုတိယဥက္ကဋ္ဌ(၁) မိကွန်ချစ်ချစ်၊ ဒုတိယဥက္ကဋ္ဌ ၂ နိုင်စိုးကြည်နှင့် ဒုတိယဥက္ကဌ ၃ နိုင်မင်းအောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတော်အား အလေးပြုကြပြီး မွန်အမျိုးသားအလံနှင့် ကျဆုံးလေပြီးသော မွန်အာဇာနည်များအား အလေးပြုသည်။

 

၎င်းနောက်သဘာပတိကြီး နိုင်ရီသောင်းက အဖွင့်နုတ်ခွန်းဆက်စကား ပြောကြားပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားသည်။ ယင်းနောက် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) ကျင်းပရေးကော်မတီဥက္ကဌ နိုင်ဖေတင်က မိန့်ခွန်းပြောကြားသည်။

 

ထို့နောက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဖတ်ကြားသည်။

 

ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ထံမှပေးပို့သော   သဝဏ်လွှာကို အတွင်းရေးမှူး မင်းရာဇာရဲထွဠ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

 

မြင့်မောင်စိုး ဓာတ်ပုံ တင်စိုး( မြန်မာ့အလင်း)