(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ ကျွန်းစု၌ ကျင်းပ

ကျွန်းစု    ၁၈   ဒီဇင်ဘာ   

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် Youth Club တို့ပူးပေါင်း၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကို ဒီဇင်ဘာလ(၁၇)ရက် မွန်းလွဲ(၁)နာရီက ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

4

 

အခမ်းအနားတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ပြိုင်ပွဲကို “အညံမခံ ဇာတိမာန်” ကဗျာ ဖြင့် အ.မ.က ကမ်းဇော်တော်ကျောင်းမှ ကျောင်းသား/သူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာသူများက မြို့နယ် ပြန်/ဆက် ဝန်ထမ်းများ ခင်းကျင်းပြသထားသည့် မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များပါဝင်သည့် နံရံကပ်စာစောင်များနှင့်  ကလေးစာပေများကို လှည့်လည် ကြည့်ရှု လေ့လာမှတ်သားခဲ့ကြသည်။

 

5

 

ဆက်လက်၍ ပျော်ရွင်စရာကလေးတို့ကမ္ဘာ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ ခုံလုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦးနှင့် မုန့်စားပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၂၀)တို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများအား မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)