76 Mile Mini Rest Camp တည်ဆောက်ထားခြင်းသည် အမြန်လမ်းမကြီးများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ပြောကြား

နေပြည်တော် ၁၉ ဇွန်

 

 

76 Mile Mini Rest Camp တည်ဆောက်ထားခြင်းသည် အမြန်လမ်းမကြီးများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိပြီး ပင်မအဆောက်အဦသည် လမ်းလယ်ကျွန်း အလယ်မှ စုစုပေါင်း ပေ ၁၀ဝ အကွာတွင် တည်ဆောက်ခဲ့ကာ အဆောက်အဦရှေ့တွင် ၁၂ ပေခွဲအကျယ်  ၄ လမ်းသွား၊ စုစုပေါင်း  ပေ ၅၀  အကျယ် ကတ္တရာ ကွန်ကရစ် လမ်းခင်းထားပြီး Buffer Zone အဖြစ် Landscaping အပါအဝင် ၃၅ ပေ အကျယ် ချန်လှပ်ထားရှိကာ အမြန်လမ်းမကြီး တိုးချဲ့ဖောက်လုပ်မည်ဆိုပါက လွတ်ကင်းမှုရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ “ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၇၆ မိုင်တွင် ဆောက်လုပ်ထားသော 76 MILE MINI REST CAMP နှင့် ပတ်သက်၍ သိလိုခြင်းနှင့် ယခု လေးလမ်းသွား အမြန်လမ်းမကြီးကို ခြောက်လမ်းသွား(သို့) ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် တိုးချဲ့မည်ဆိုပါက ထိုအဆောက်အအုံနှင့် ကင်းလွတ်မှု ရှိ၊ မရှိ မေးမြန်းမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

 

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က 76 Mile Mini Rest Camp တည်ဆောက်ရာတွင် အမြန်လမ်းမကြီး လမ်းနယ် သတ်မှတ်ထားသည့် ပေ ၄၀ဝ အတွင်း တစ်ဖက် ၄ လမ်းသွား အကျယ်ကို မထိခိုက်စေဘဲ အမြန်လမ်းမကြီး နယ်နိမိတ် ဧရိယာအတွင်းတွင် တည်ဆောက်ထားသောကြောင့် အမြန်လမ်းမကြီးများ ဥပဒေပါ အခန်း(၆)၊ ယာဉ်ရပ်နား စခန်းများ အပိုဒ်(၁၀) (က) ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုရှိပါကြောင်း၊ 76 Mile Mini Rest Camp ၏ ပင်မအဆောက်အဦသည် လမ်းလယ်ကျွန်းအလယ်မှ စုစုပေါင်း ပေ ၁၀ဝ အကွာတွင် တည်ဆောက်ခဲ့ပြီး အဆောက်အဦရှေ့တွင် ၁၂ ပေခွဲအကျယ်  ၄ လမ်းသွား၊ စုစုပေါင်း  ပေ ၅၀  အကျယ် ကတ္တရာ ကွန်ကရစ် လမ်းခင်းထားပြီး Buffer Zone အဖြစ် Landscaping အပါအဝင် ၃၅ ပေ အကျယ် ချန်လှပ်ထားရှိကာ အမြန်လမ်းမကြီး တိုးချဲ့ဖောက်လုပ်မည်ဆိုပါက လွတ်ကင်းမှုရှိကြောင်း၊ နောင်တွင် အဆိုပါ Buffer Zone အဖြစ် ထားရှိသည့်နေရာတွင် အခြားအာဆီယံနိုင်ငံများရှိ Rest Camp များကဲ့သို့ ကားအဝင်၊ အထွက် မျောဝင်၊ မျောထွက်နိုင်ရန် လမ်းထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း” ရှင်းလင်းဖြေကြားသည်။

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က 76 Mile Mini Rest Camp ဆောင်ရွက်ခဲ့ခြင်းဖြင့် လူဦးရေ ၃၀ဝ ကို တိုက်ရိုက် အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်ပြီး ၈၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ  ၂၅၀ သည် ဒေသခံ အလုပ်သမားများ ဖြစ်ကြောင်း၊ မကြာမီ 76 Mile Mini Rest Camp တွင် ရပ်ကျေး ဈေးဆိုင် ၂၀ ဆိုင်ခန့် တည်ဆောက်ရန်  အစီအစဉ်ရှိကြောင်း၊ တည်ဆောက်ပြီးပါက တိုက်ရိုက်အလုပ်အကိုင် ဖန်တီးပေးမှုအပြင် သွယ်ဝိုက် အလုပ်အကိုင် ဖန်တီးမှုများကိုလည်း ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများအတွက်  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ပါကြောင်း၊ 76 Mile Mini Rest Camp တွင်  ၁ ရက်လျှင် ခရီးသွားဦးရေ ပျမ်းမျှ ၁၂၀ဝ ခန့် ဝင်ရောက် အပန်းဖြေအနားယူပြီး ၁ လလျှင် ပျမ်းမျှ လူဦးရေ ၃၀ဝ၀ဝ ကျော်ခန့်ကို  ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ 76 Mile Mini Rest Camp အား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်လျက် ရှိသောကြောင့် ရရှိသည့် ဝင်ငွေများသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရငွေစာရင်းသို့ ဝင်မည် ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်စီးရေနှင့် ခရီးသည် စာရင်းအရ ပျမ်းမျှအမြတ်ငွေ ၁ လလျှင် ကျပ်သိန်း ၁၀ဝ ကျော် ရရှိမှုအပေါ် အခြေခံတွက်ချက်ပါက မော်တော်ယာဉ် စီးရေနှင့် ခရီးသည် ဝင်ရောက်နိုင်မှုအရ အရင်းကြေ ကာလသည် ၁၀ နှစ်ခန့် ရှိမည်ဖြစ်ပါကြောင်း၊ နောင်တိုးတက်လာမည့် မော်တော်ယာဉ်စီးရေနှင့် ခရီးသည် ဝင်ရောက်နိုင်မှုအရ  အရင်းကြေကာလသည် လျော့နည်းနိုင်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

 

MDN