(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

 

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား

 

ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့သည် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။          

ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသား  အားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် မိသားစုပမာ စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်လာခဲ့ကြရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် သိက္ခာရှိရှိခန့်ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မတတ်သာ၍ ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကိုလည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြန်လည်ရယူနိုင်ခဲ့ပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က  ခုခံတော်လှန်ခဲ့ကြသည့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့သည် လည်းကောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းခဲ့စဉ်က ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်၊ သီရိပျံချီဦးထောင်ကျင်းထန်၊ ဦးကီးယိုမန်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်)  သတိုးမဟာစည်သူ  ဦးဝမ္မသူးမောင်တို့သည်လည်းကောင်း၊  လွတ်လပ်ရေးရပြီးခါစ ပြည်တွင်း  ဆူပူသောင်းကျန်းမှုများကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဗိုလ်ကြီးသူရ အောင်ဆန်းသူရိယ တိုက်ချွန်းတို့သည်လည်းကောင်း နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့် တပ်မတော်အတွက် ထာဝရဂုဏ်ယူလေးစားနေရသည့် ချင်းတိုင်းရင်းသားမျိုးချစ်သူရဲကောင်းများပင် ဖြစ်ခဲ့ကြပါသည်။

ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့သည် နယ်ချဲ့တော်လှန်ရေး ချင်းတိုင်းရင်းသား ခေါင်းဆောင်များနှင့် ချင်းတိုင်းရင်းသားပြည်သူများက ကန်ပက်လက် မြို၌ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေးအကြီးအကဲများကို ဆန့်ကျင်မောင်းထုတ်ခဲ့သည့် သမိုင်းဝင်နေ့ရက် တစ်ရက်ပင်ဖြစ်ပါသည်။ ထို့ပြင် ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့၊ လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းကာ ဒေသန္တရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင် ပေးနိုင်ခဲ့သောနေ့မှာလည်း ဖေဖော်ဝါရီလ(၂၀)ရက် နေ့ပင်ဖြစ်ပါသည်။  

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ်စနစ် ဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီး အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နေရာဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအနှံ့အပြား၌ ဆူပူ အကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာ ရှိနေခြင်းမှာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်အခြာအာဏာဆုံးရှုံးရသည့်ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုပါသည်။ ထိုအဖြစ်မျိုးမရောက်စေရန်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာဖြစ်တည် ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်း ပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။ အပြုနှင့် အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှားကို ခွဲခြားရှုမြင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေး ရည်မှန်းချက် (၂) ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးဟူသော အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရည်မှန်းချက်မှာ အရေးပေါ်ကာလ ဆောင်ရွက်ရန်ရှိသည်များ ပြီးစီးပါက ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်ရန်ပင်ဖြစ်ပါသည်။ ထိုသို့ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအလိုက် အဓိကလိုအပ်ချက်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေးပင်ဖြစ်ပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းလျှင် တိုင်းရင်းသား ပြည်သူအားလုံး အေးချမ်းသာယာစွာဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိမိတို့၏ သားသမီးများသည်လည်း အေးချမ်းစွာ ပညာသင်ကြားနိုင်ကြမည် ဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ပြည့်စုံရန် လိုအပ်ပါသည်။

သို့သော်လည်း တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်များတွင် ဘာသာစကား အခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားသော စိန်ခေါ်မှုများကြောင့် ပညာရည်နိမ့်ကျ မှုများ၊ ပညာမသင်ယူနိုင်မှုများ ရှိနေသည်ကို တွေ့ရပါသည်။ ယခုအခါ ချင်းပြည်နယ် အပါအဝင် ဒေသအချို့တွင် လက်နက်ကိုင် အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသား ကျောင်းသူများ များစွာနစ်နာ ဆုံးရှုံးလျက် ရှိပါသည်။

တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ယခုကဲ့သို့ အဖျက် အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကို ဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များ ကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်ပါသည်။ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေး အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေး ဆိုင်ရာအဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ စက်မှုသက်မွေးပညာ ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဘာသာရပ်သင် ဆရာ ဆရာမများ ပိုမိုခန့်ထားပေးလျက်ရှိပြီး တိုင်းရင်းသားဒေသများတွင် သင်ကြားရေး လက်ထောက်ဆရာ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးဆရာ ဆရာမများကိုလည်း ခန့်ထားပေးလျက်ရှိပါသည်။ KG+9 အထိ မသင်မနေရ ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အတွင်း အခြေခံပညာ တတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားတိုးတက်လာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ချင်းပြည်နယ်သည် ဘက်စုံကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ် တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပြည်မနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သော အဝေးပြေးလမ်းများနှင့် ပြည်နယ်တွင်းလမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန် မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်း တည်ဆောက်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ချင်းပြည်နယ်ရှိ ပြည်သူများ မျှော်လင့်တောင့်တနေသော မဟာဓာတ်အားလိုင်းမှ ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် မိမိတို့ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စနစ်တကျ ထိရောက်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် မုန်တိုင်းဖြတ်သန်းရာ ဒေသများ၌ ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ဒေသခံ ပြည်သူများအတွက် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားပြီး မုန်တိုင်းဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများ အလိုက် သတိပေးခြင်းနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကြောင့် မုန်တိုင်းအင်အား ကြီးမားသော်လည်း ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့ပါသည်။

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု၊ တပ်မတော်နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်း ပြည်ပနိုင်ငံများမှ စေတနာရှင်များ၏ လှူဒါန်းမှု၊ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ (၂) လအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ပါသည်။ မိမိတို့ ရည်မှန်းထားသည့် အတိုင်း ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်သို့ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် အစိုးရက ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀၀၂ ဒသမ ၀၂) သန်း ထောက်ပံ့ပေးခဲ့ပါသည်။ ဤသည်မှာ ချင်းပြည်နယ် နှင့် ချင်းတိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသား ညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင်ဒေသဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ချင်းပြည်နယ်၏ အကျိုး၊ ပြည်ထောင်စု၏ အကျိုးကိုထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့ အပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ