(၇၉)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ဗုဒ္ဓဘာသာကလျာဏယု၀အသင်းမှ အသင်းသားအသင်းသူများ စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပ

 

 

ရန်ကုန် မတ် ၂၆

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)၏ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် နာရီက မင်္ဂလာဒုံတပ်မတော် ဆေးရုံကြီး၌ ကျင်းပသည်။

 

 အခမ်းအနားသို့ ဆေးရုံကြီးတပ်မှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဝိုင်အမ်ဘီအေ(ဗဟို) တွဲဖက် ဘဏ္ဍာရေးမှူးဦးမြင့်သူ၊ တိုင်းဒေသကြီး ဝိုင်အမ်ဘီအေ အသင်းဥက္ကဌ ဦးသန့်စင်၊ အတွင်းရေးမှူး ဦးထင်ကျော်မိုးနှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှဥက္ကဌများ တက်ရောက်ကြပြီး အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များမှ အသင်းသားအသင်းသူ ၅ဝ တို့က စုပေါင်းသွေး လှူဒါန်းကြရာ ဆေးရုံကြီးတပ်မှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဖြည့်စွက်အာဟာရများ ပြန်လည်ပေးအပ် ကာ သွေးလှူရှင်များအား အလှူရှင်ဦးကျော်ဝင်း မိသားစုနှင့် တေးသံရှင် ရွှေဖြူနန်းနွယ်က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။

 

အလားတူ နယ်မြေခံတပ်မတော်ဆေးရုံကြီးတို့တွင် ပဲခူးတိုင်းဒေသကြီး ဝိုင်အမ် ဘီအေအသင်းဥက္ကဌ ဦးလှတင်ဦး ဦးဆောင်သောအသင်းဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ဝိုင်အမ်ဘီအေ သဘာ၀ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းမြတ်ဦးနှင့် အဖွဲ့ဝင်များက စုပေါင်းသွေး လှူဒါန်းကြသည်။

 

 ထို့အတူ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA နှင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော မြို့နယ်များမှ အသင်းသူအသင်းသား ၇၅ ဦးတို့က ယနေ့  နံနက်   နာရီတွင် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတွင် တပြိုင်တည်းသွေးလှူဒါန်းကြရာ သွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံကြီး တပ်မှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ ဦးကြည်သိန်း၊ တွဲဘက်ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် အလုပ်အမှုဆောင်များ တက်ရောက် အားပေးကြပြီး သွေးလှူဒါန်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက စားသောက် ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ ဂုဏ်ပြုချီးမြှင့် ပေးအပ် သည်။

 

ထို့ပြင် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) စုပေါင်းသွေးလှူဒါန်း ပွဲကို တောင်ကြီးမြို့၊  သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ အသင်းသား အသင်းသူများ၏ စုပေါင်း သွေးလှူ ဒါန်းပွဲကို ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းဆေးရုံတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏ ယု၀အသင်း YMBAမှ အသင်းသား အသင်းသူများ၏ သွေးလှူဒါန်းပွဲကို ကျောက်ဆည် ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ (YMBA) အသင်းဉက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ ဆေးရုံအုပ်ကြီးများ၊ တာဝန်ရှိသူများက သွေးလှူရှင်များအား သွားရောက်ကြည့်ရှုအားပေးကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)