၈ ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဖိုရမ်ကျင်းပ

နေပြည်တော် ၆ နိုဝင်ဘာ

၈ ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဖိုရမ်ကို “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်အောင်မြင်နိုင်ရေးအတွက် တုံ့ပြန်နိုင်စွမ်း အားကောင်းသော ကျေးလက်လူ့အသိုက်အဝန်းအား တည်ဆောက်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဖိုရမ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်ဦးခန့်ဇော်၊ လူထုဖွံ့ဖြိုးရေးအဖွဲ့(CAD)ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ကျား/မ ရေးရာဌာနခွဲ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး Dr. Sita Sumrit တို့က အမှာ စကားပြောကြားကြသည်။

ထို့နောက် ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် ၂၀၃၀ နှင့် အာဆီယံ လူမှုအသိုက်အဝန်းမျှော်မှန်းချက် ၂၀၂၅ အောင်မြင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် တုံ့ပြန်နိုင်စွမ်းအားကောင်းသော ကျေးလက်လူ့အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် နိုင်ငံအလိုက်၊ ကဏ္ဍအလိုက် အာဆီယံဒေသတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြသည်။ 

ဆက်လက်၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော ကျေးလက်လူ့အသိုက်အဝန်းတည် ဆောက်ရေးအတွက် စိုက်ပျိုးစီးပွားရေးကဏ္ဍ၊ ကျေးလက်ဝန်ဆောင်မှုကဏ္ဍ၊ ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုကဏ္ဍတို့ကို အဓိကထားဆွေးနွေးကြရာ ကိုယ်စားလှယ်များက ဆွေးနွေးမှုရလဒ်အပေါ်အခြေခံ၍  အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မူဘောင် (၂၀၂၁-၂၀၂၅) ရေးဆွဲနိုင်ရေးအတွက် အနီးစပ်ဆုံးကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်  မူဝါဒဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

မွှေးကြူဇင်