(၈) ကြိမ်မြောက် အားကစားဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများကျင်းပ

နေပြည်တော်  ၂၂  အောက်တိုဘာ 

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံအားကစားဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel  ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္က၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက   အာဆီယံဒေသအတွင်းရှိ နိုင်ငံသားများ ပိုမိုကျန်းမာ ကြံ့ခိုင်လာစေရန် အားကစားလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ ခေါင်းဆောင်ကြီးများသည် ASEAN Ministerial Meeting On Sports (AMMS)  အား ထောက်ပံ့ကူညီပေးရန် ကတိပြုခဲ့ပါကြောင်း၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ရည်ရွယ်ချက်၊ ပြဋ္ဌာန်းချက်၊ လုပ်ငန်းတာဝန်များ၊ ကဏ္ဍအသီးသီး ဖွံ့ဖြိုး တိုးတက်မှုများ၊ အသေးစိတ်ဖော်ပြချက်၊ ကြေညာချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံချက်၊ အဆိုပြုချက်များ အကောင်အထည်ဖော်ခြင်းများ၊ ပြန်လည်သုံးသပ်ချက်များ ပါဝင်ပါကြောင်း၊

၂၀၁၇ခုနှစ် နေပြည်တော်တွင် ကျင်းပပြုလုပ်သော AMMS-4 အစည်းအဝေးတွင် ပူးတွဲကြေညာချက်(၁၀)ချက် ပါဝင်ခဲ့ပြီး ထိုကြေညာချက်များတွင် အဓိကအားဖြင့် လူနေမှုဘဝ အခြေအနေတွင် ပိုမိုကျန်းမာစွာ နေထိုင်နိုင်ရေး၊ ရင်းနှီးချစ်ကြည်စွာ နေထိုင်နိုင်ရေး ၊ ဒေသတွင်း သာမက နိုင်ငံတကာအဆင့်နှင့်အညီ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် ရေး၊ အားကစား စိတ်ဓာတ် မြှင့်တင်စေနိုင်ရေးတို့အတွက် ဖြစ်ပါကြောင်း၊ ASEAN Physical Fitness Indicators (APFI) ၏ ဆောင်ရွက်ပုံဖော်မှုများသည် စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အစီအစဉ်များမှတစ်ဆင့် အားကစားလုပ်ဆောင်နိုင်စွမ်း တိုးမြှင့်လာပါကြောင်း ပြောကြားသည်။

ထို့နောက်   အာဆီယံ အဆင့်မြင့်အရာရှိကြီးများက အခမ်းအနားအစီအစဉ်အလိုက် အသီးသီးဆွေးနွေးကြရာ ထိုင်းနိုင်ငံမှ SOM-7 ၌ တင်ပြဆွေးနွေးခဲ့သော ၂၀၃၄ ကမ္ဘာ့ ဖလားဘောလုံး ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာအပါအဝင် အခြားနိုင်ငံများမှ ပူးပေါင်း၍ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အဆိုပြုချက်များအား တင်ပြဆွေးနွေးခြင်း၊   မြန်မာ နိုင်ငံမှ ဦးဆောင်၍ အာဆီယံဒေသတွင်းနိုင်ငံများမှ ရိုးရာအားကစားနည်းများ မပျောက်ကွယ် စေဘဲ နိုင်ငံအလိုက် ရိုးရာအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီကိုရယူ၍ အာဆီယံရိုးရာ စွယ်စုံကျမ်းကဲ့သို့ ပြုစုဆောင်ရွက်နိုင်ရေး၊   အာဆီယံဒေသတွင်းရှိ ပြည်သူများ Physical Fitness Indicators များနှင့် အချက်အလက်များကို ရှာဖွေစုဆောင်းပြီး ထိုင်းနိုင်ငံမှ ဦးဆောင်၍  Fitness Test  များကို ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများကို စမ်းသပ်ဆောင်ရွက်နိုင်ရေးကို အတည်ပြုချက်ရယူရေး ၊ အားကစား တွင် အမျိုးသမီး များ၊ လူငယ်လူရွယ်များ ပိုမိုပါဝင်နိုင်ရေးကိစ္စရပ်များ၊  TV Games (E Sports)  များကို ဝိုင်းဝန်းဆွေး နွေးကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အာဆီယံမှဦးဆောင်၍ ၂၀၁၆ ခုနှစ် မှ၂၀၂၀ တွင် အားကစားနှင့် ပတ်သက်၍ လုပ်ငန်းစဉ် (၃၆) ချက်ကို ၇၁ ရာခိုင်နှုန်း ပြီးစီးအောင် လုပ်ဆောင်ခဲ့မှုများ၊ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၁၃) ချက်ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့ပြင်  မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်  အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲဝင်များ၌ တားမြစ်ဆေးသုံးစွဲမှု ပပျောက်ရေးနှင့် ပညာပေးဆိုင်ရာများ၊ နိုင်ငံတကာ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရန် ရန်ပုံငွေသုံးစွဲမှုဆိုင်ရာများကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက  SOMS-7 အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဖတ်ကြားပြီး   အာဆီယံဆိုင်ရာ ကိုယ်စားလှယ်အရာကြီးများက  ဝိုင်းဝန်းဆွေးနွေး၍ အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

(သတင်းစဉ်)