၈ သြဂုတ်
နှစ်ပေါင်းသုံးဆယ်ဟူသည် လူတစ်ဦးအဖို့ အရွယ်ရောက်ပြီဖြစ်သည့် သက်တမ်းတစ်ခုဖြစ်သည်။ တိုတောင်းလှသော နှစ်များမဟုတ်။ သို့သော်လည်း ထိုအနှစ်သုံးဆယ်ကို ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံသားတို့အဖို့မူ ဘာမျှမကြာလှသေးသော ကာလတစ်ခုလို။ မနေ့တစ်နေ့က အဖြစ်အပျက်များကဲ့သို့ ယနေ့တိုင် လတ်ဆတ်နေဆဲ ဖြစ်ပါသည်။ စိမ်းမြစိုစွတ်နေသည့် သမိုင်း။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအဖုံဖုံသော ကဏ္ဍအသီးသီးကို ဖိနှိပ် နှိပ်ကွပ်ခြင်းဖြင့် ပြည်သူတို့ကို အညွန့်ချိုးအုပ်ချုပ်ခဲ့သော တစ်ပါတီအာဏာရှင်စနစ်ကို တော်လှန်မြေမြှုပ်ခဲ့သော သမိုင်းဟု ဆိုချင်သည်။
အညွန့်ချိုးလေ ရှင်သန်တိုးပွားလေဖြစ်ခဲ့ရသော ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှုက အာဏာရှင်တို့ကို မျက်ကလူးဆန်ပျာ ဖြစ်စေခဲ့သည်။
တစ်ပါတီအာဏာရှင်စနစ်ကို ခေါင်းမထူနိုင်အောင် တော်လှန်အုံကြွခဲ့သော ပြည်သူလူထုကြီးမှာ ဒီမိုကရေစီရရှိရေးကို အဓိကပန်းတိုင်အဖြစ်ထား၍ အသက်စွန့်ခဲ့ကြ၊ ဘဝများကို စွန့်ခဲ့ကြတာဖြစ်၏။
၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်ကစကာ ၈၈၈၈ အရေးတော်ပုံကြီးအထိ ကျောင်းသားများနှင့် ပြည်သူလူထုတို့ တညီတညွတ်တည်း ရှိခဲ့ခြင်းကလည်း အရေးတော်ပုံ အောင်မြင်ဖို့အတွက်အခရာ ဖြစ်ခဲ့ပါသည်။
ဒီမိုကရေစီအရေးတော်ပုံကို ဖြတ်သန်းပါဝင် ရင်ဆိုင်ခဲ့ကြသော ပြည်သူလူထုမှာ ယနေ့ထိတိုင်အောင် ဒီမိုကရေစီပန်းတိုင်အရောက် ချီတက်နေကြဆဲလည်း ဖြစ်ပါ၏။
နှစ်သုံးဆယ်ကြာခဲ့ပြီ။ ပြည်သူတို့မျှော်လင့်ကြသည့် ငြိမ်းချမ်းရေး ကလည်း ပြည့်ပြည့်ဝဝမရသေး။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ်သို့ မရောက်သေး။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ကျကျနန ရောက်ရှိကြရသည်မှာပင် အချိန်မကြာသေးဟု ဆိုရပါမည်။
ရှေ့ဆက်ချီတက်ကြရဦးမည့် ခရီးက ရှိနေသေးမြဲ။ ပြည်သူ့အစိုးရ၏ ခေါင်းဆောင်မှု၊ ၈၈၈၈ အရေးတော်ပုံကြီး၏ စိတ်ဓာတ်ကို မြဲမြဲမြံမြံ ကိုင်စွဲထားမှု၊ ပြည်သူ့ညီညွတ်မှုစသည့် အင်အားတို့ဖြင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းကြပါစို့။ ။
မြန်မာ့အလင်း