အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အတိတ်သမိုင်းနှင့် အနာဂတ်အလားအလာ

နေပြည်တော် ၇ နိုဝင်ဘာ

 

ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (6th ASEAN Coordinating Committee on Micro, Small and Medium Enterprises_ 6th ACCMS ME Meeting ) နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ မိန့်ခွန်းသည် ဆဋ္ဌမအကြိမ်မြောက် ရှိလာပြီဖြစ်သော ဤအစည်းအဝေး၏ အတိတ်သမိုင်းနှင့် အနာဂတ်အလားအလာတို့ကို ရှင်းလင်းစွာ ဖွင့်ဆိုတင်ပြနိုင်ခဲ့ပါသည်။

 

အာဆီယံဒေသ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးအတွက် အာဆီယံ အငယ်စားနှင့် အလတ်စား အေဂျင်စီလုပ်ငန်းအဖွဲ့ (ASEAN SME Agency Working Group - SMEWG) ကို ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုမှတစ်ဆင့် ၂၀၁၆ ခုနှစ်တွင် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေး ကော်မတီ (ACCMSME) အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ ပါသည်။ အသေးစားစီးပွားရေးလုပ်ငန်း (micro) များပါဝင်လာနိုင်ရေးနှင့် အခြား ASEAN Working Group များနှင့် ပိုမိုချိတ်ဆက်နိုင်ရေး ဟူသော ရည်ရွယ်ချက်ဖြင့် ဤသို့ အမည်ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ဤကော်မတီ (ACCMSME) က အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small, and Medium Enterprises-MSME) ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဆီယံ ၂၀၁၆-၂၀၂၅ မဟာဗျူဟာမြောက် လက်တွေ့ကျသည့် လုပ်ငန်းစဉ်တို့ကို ရေးဆွဲချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံဒေသအတွင်း အဆိုပါ MSME လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ မြောက်လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ခဲ့ပါသည်။

ဤမဟာဗျူဟာမြောက် လုပ်ငန်းစဉ်ငါးရပ်မှာ ထုတ်လုပ်နိုင်မှု စွမ်းရည်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုမြှင့်တင်ရေး၊ ငွေကြေး အရင်းအနှီး ပံ့ပိုးကူညီနိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ရေး၊ လိုအပ်သည့်မူဝါဒ၊ ဥပဒေမူဘောင်များဖြင့် ထိန်းကျောင်းသွားရေးနှင့် စွန့်ဦးတီထွင်မှုနှင့် လူသားချင်းအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်စေရေးတို့ ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်ငါးရပ် အောင်မြင်မှု ရှိ မရှိ တိုင်းတာရမည့် အဓိကသော့ချက်မှတ်တိုင် (Key Performance Indicators) များချမှတ်ထားခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် တစ်ခုတည်းသော အာဆီယံဒေသအတွင်း လုံခြုံ ရေးနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ ဘက်ပေါင်းစုံတိုးတက်မှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာပြီး စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အမြင့်မားဆုံး အာဆီယံအသိုက်အဝန်း ဖြစ်လာရေးအတွက် အာဆီယံနိုင်ငံ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

 

အာဆီယံ MSME များတွင် ဦးစားပေးကဏ္ဍ (၁၂) ခု ရှိသည့် အနက် (၇) ခုသည် ကုန်ထုတ်ကဏ္ဍများဖြစ်ပြီး ကျန် (၅) ခုသည် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါသည်။ ဤအာဆီယံ MSME အားလုံး၌ ယေဘုယျအားဖြင့် သတင်းအချက်အလက်ရင်းမြစ်များ လိုအပ်ချက် ရှိသကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ဈေးကွက်အခြေအနေအရ အခြားသော စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ ရလျက်ရှိပါသည်။ ဤအခက်အခဲ ပြဿနာအားလုံးကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) သည် အာဆီယံဒေသတွင်း ပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ပံ့ပိုးမှုများကို ရယူလျက် ကြိုးပမ်းဆောင်ရွက်နေပါသည်။ နိဂုံးချုပ်အနေဖြင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ မိန့်ခွန်းသည် အာဆီယံဒေသတစ်ခုလုံး၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုအပိုင်းဖြစ်စဉ်နှင့် အနာဂတ်အလားအလာတို့ကို ဖော်ပြနေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

မြန်မာ့အလင်း