အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ ဒုတိယပွဲအဖြစ် မြန်မာနှင့် ဖိလစ်ပိုင် ကစားမည်

ရန်ကုန် ၁၁ မေ

၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို မေ ၁၂ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုဒုတိယနေ့အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် တီမောအသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မေ ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမနေ့တွင် မြန်မာက တီမောကို ၂၆ ဂိုး-ဂိုးမရှိ၊ ဗီယက်နမ်က ဖိလစ်ပိုင်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ 

မြန်မာနှင့် ဗီယက်နမ်အသင်းသည် ယခုပွဲအနိုင်ရပါက ဆီမီးဖိုင်နယ် တက်ရောက်မည်ဖြစ်ပြီး နှစ်သင်းထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမပွဲတွင် တီမောကို စံချိန်တင်ဂိုးရလဒ်ဖြင့် အနိုင်ရသော်လည်း ဖိလစ်ပိုင်အသင်းမှာ ခြေစွမ်းပိုကောင်းရာ အနိုင်ရရန် အားကုန်ထုတ်ကစားရမည်ဖြစ်သည်။ 

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်မေသူထွန်းက ''တီမောကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် လက်ကျန်နှစ်ပွဲက ပိုပြီးအရေးကြီးသလို ပိုပြီးလည်း ခက်ခဲနိုင်ပါတယ်။ တီမောကို ဂိုးတွေအများကြီးသွင်းနိုင်လို့ ကျေနပ်ပေမယ့် အားနည်းချက်တွေ ရှိပါသေးတယ်။ လက်ကျန်နှစ်ပွဲမှာ ရလဒ်ကောင်းဖို့ အားနည်းချက်တွေကို ပြင်ဆင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ရဲရင့်ရှိုင်း