အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုမှထွက်ခဲ့ရ

၁၃ မေ

၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (က) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုမှထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် မိနစ် ၅၀ ကျော်အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း အနိုင်ကိုမထိန်းနိုင်၍ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရလျှင် ဆီမီးဖိုင်နယ် တက်ရောက်မည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ကစားပုံကောင်းမွန်ခဲ့ပြီး ၁၈ မိနစ်တွင် ဇင်မိုးပြည့်သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ဂိုးပြန်ရရန် အားထည့်ကစားလာပြီး ၅၃၊ ၇၀ မိနစ်တွင် ထရန်နက်သန်က နှစ်ဂိုးပြန်သွင်းခဲ့၍ ဗီယက်နမ်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်း ရရှိသည့်ဒုတိယဂိုးမှာ ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စု (က) အခြားပွဲတွင် ဖိလစ်ပိုင်အသင်းက တီမောအသင်းကို ၁၂ ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (က) ပွဲစဉ်များအပြီးတွင် ကိုးမှတ်ရသည့် ဗီယက်နမ်အသင်းနှင့် ခြောက်မှတ်ရသည့် ဖိလစ်ပိုင်အသင်းက ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး သုံးမှတ်ရသည့် မြန်မာနှင့် အမှတ်မရသည့် တီမောအသင်းက အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ရဲရင့်ရှိုင်း