အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်း

ရန်ကုန် ၁၄ ဇွန်


ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၅ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းကြီးများနှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အားကုန်ထုတ် ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် လက်ရှိချန်ပီယံ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ အုပ်စု (ခ) တွင်မူ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ သြစတြေးလျတို့ပါဝင်နေသည်။ ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပမည်ဖြစ်သည်။

 မြန်မာအသင်းသည် အုပ်စုတွင်း အားနည်းသည့် တီမော၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နှင့် စတင်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ဖြစ်နိုင်သည့် ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် နောက်ဆုံးနှစ်ပွဲဆက်ကစားရမည်ဖြစ်ရာ ရှေ့သုံးပွဲတွင် ရလဒ်ကောင်းပါက ဆီမီးဖိုင်နယ်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သော်လည်း ယင်းပြိုင်ပွဲတွင် အောင်မြင်မှုနှင့် ဝေးကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲသက်တမ်းတစ်လျှောက် ချန်ပီယံဆုနှစ်ကြိမ်၊ ဒုတိယဆုနှစ်ကြိမ်၊ တတိယဆုတစ်ကြိမ် ရရှိထားသည်။

 မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နည်းပြအပြောင်းအလဲပြုလုပ်ထားသောကြောင့် နည်းပြသစ် ခန့်အပ်ပြီးမှသာ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းသည် မတ်လမှစ၍ လေ့ကျင့်ခဲ့ပြီး ဧပြီတွင် တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်မှုမရခဲ့ဘဲ ယင်းပြိုင်ပွဲအပြီးတွင် ဂျပန်နည်းပြ တာကူမာနှင့်လမ်းခွဲကာ နိုင်ငံခြားသားနည်းပြသစ်တစ်ဦး အစားထိုးရန် ရှာဖွေလျက်ရှိသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်