အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်

၁၆ မေ

 

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ဇူလိုင်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 

 

မြန်မာ ယူ-၁၅ အသင်းသည် ဟောင်ကောင်ခြေစမ်းခရီးစဉ်အပြီးတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယခင်ရွေးချယ်ထားသည့် ကစားသမားအများစုကို အခြေခံကာ ကစားသမားသစ် ၁၀ ဦးကျော် အသစ်ရွေးချယ်ထားသည်။ 

 

မြန်မာ ယူ-၁၅ အသင်းသည် ကစားသမားများ၏ ခြေစွမ်းကို လေ့ကျင့်မှုပြုလုပ်ကာ စောင့်ကြည့်သွားမည်ဖြစ်ပြီး အသင်းနှင့် အံမဝင်သည့် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်မည်ဖြစ်သည်။ 

 

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား တာကူမူက ကိုင်တွယ်နေပြီး မတ်လတတိယပတ်တွင် စတင်လေ့ကျင့်ကာ ဧပြီလအတွင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

 

မြန်မာ ယူ-၁၅ အသင်းသည် ဧပြီလဆန်းတွင် တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ပြီး ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ဟောင်ကောင်၌ကျင်းပသည့် ဟောင်ကောင်ခြေစမ်းခရီးစဉ်သို့ ထပ်မံသွားရောက်ခဲ့သည်။ 

 

နည်းပြချုပ်တာကာမူသည် နိုင်ငံတကာခရီးစဉ်နှစ်ခုအပြီးတွင် အသင်းနှင့် အံမဝင်သည့်ကစားသမားများကို ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ 

 

မြန်မာ ယူ-၁၅ အသင်းသည် အာဆီယံ ယူ-၁၅ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ၊ စက်တင်ဘာတွင် ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နှင့် အုပ်စု (က) တွင် ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ