အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်မည်

နေပြည်တော်  ၄ မတ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲအတွက် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် မေလတွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် မေ ၁ ရက်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားပြီး ကစားသမား ၃၀ ကျော်ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် နှစ်ဆန်းပိုင်းတွင် လေ့ကျင့်ခဲ့သော်လည်း ကစားသမားအများစုမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်ရှိသောကြောင့် လေ့ကျင့်မှုရပ်နားကာ မေလမှ ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။

 

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၉ အမျိုးသမီးအသင်းမှ အသက်မီသည့် ကစားသမားအနည်းငယ်သာရှိသောကြောင့် ယူ-၁၆ အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး လက်ရွေးစင်အသင်း၌ပင် ရွေးချယ်ခံနေရသည့် မြတ်နိုးခင်၊ ဖြူဖြူဝင်း စသည့်ကစားသမားများ ပါဝင်လာမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ပြိုင်ပွဲအတွက် လေးလကျော် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲများလည်း ကစားခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားသည်။

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က တစ်ကြိမ်သာ ကျင်းပခဲ့ဖူးပြီး ယခုနှစ်မှ စတင်ကာ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားဘောလုံးပြိုင်ပွဲကဲ့သို့ပင် အမျိုးသမီးလူငယ်ပြိုင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ပြီး အာရှပြိုင်ပွဲနှင့်ချိတ်ဆက်ကာ ခြေစစ်ပွဲကစားမည့်နှစ်တွင် ယူ-၁၈ ပြိုင်ပွဲ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားရမည့်နှစ်တွင် ယူ-၁၉ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။

 

မြန်မာအသင်းသည် ၂၀၁၄ ပြိုင်ပွဲတွင် တတိယရခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အာရှခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သည့် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်သောကြောင့် မြန်မာအမျိုးသမီးအသင်းအနေဖြင့် ရလဒ်ကောင်း ရယူနိုင်ဖွယ် ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်