အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း အနိုင်ရ

ရန်ကုန် ၆ သြဂုတ်

 

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ မြန်မာအသင်း အဖွင့်ပွဲတွင် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် အခွင့်အရေးပိုကောင်းစေခဲ့သည်။ မြန်မာအသင်းသည် လာအိုကိုအနိုင်ရသော်လည်း ဒုတိယပိုင်းကစားပုံအရ လိုအပ်ချက်များရှိနေပြီး အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နေသည်။

 

မြန်မာအသင်းသည် ပထမပိုင်းတွင် ကစားပုံပိုကောင်းသလို လာအိုဂိုးပေါက်ကိုလည်း ခြိမ်းခြောက်နိုင်ခဲ့သည်။ သက်တမ်းအလိုက်ပြိုင်ပွဲများတွင် ရလဒ်ကောင်းလေ့ရှိသည့် လာအိုအသင်းမှာလည်း မြန်မာအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး မိနစ် ၃၀ ကျော်တွင် နှစ်ဂိုးဆက်ပေးလိုက်ရသောကြောင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ မိနစ် ၃၀ တွင် မြန်မာအသင်း ဂိုးစရခဲ့ပြီး အောင်ကိုဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး ၃၇ မိနစ်တွင် ဝေယံစိုးက ပြစ်ဒဏ်ဘောမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ ၄၈ မိနစ်တွင် လာအိုအသင်း ချေပဂိုးပြန်ရခဲ့ပြီး ယင်းဂိုးကြောင့် မြန်မာအသင်း လက်ကျန်မိနစ်များတွင် ရုန်းကန်ခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားပုံပျက်သွားပြီး ရသင့်သည့်ဂိုးသွင်းခွင့်များလည်း အသုံးမချနိုင်ခဲ့ပေ။ ၈၂ မိနစ်တွင် လာအိုအသင်းမှ ကစားသမားတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံရ၍ မြန်မာအသင်း တစ်ယောက်အသာရသွားပြီး မိနစ် ၉၀ တွင် ဇော်ဝင်းသိန်းက တတိယဂိုးသွင်းယူခဲ့သည်။

 

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင်  အင်ဒိုနီးရှား၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအိုတို့နှင့် အုပ်စု (က) တွင် ကျရောက်နေပြီး ဒုတိယပွဲအဖြစ် သြဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။ 

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF