အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၈ အသင်း လေ့ကျင့်ပြင်ဆင်

ရန်ကုန် ၁၀ ဇူလိုင်

 

မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာခြေစမ်းပွဲ ကစားခြင်းမရှိသော်လည်း MFF Youth အသင်းအမည်ဖြင့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းကြောင့် ပွဲနှင့် အဆက်ပြတ်ခြင်းမရှိဘဲ အာဆီယံပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းကို လက်ရှိတွင် ပဏာမကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် သွားရောက်လေ့ကျင့်ကာ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယင်းခရီးစဉ်တွင် ကစားသမား ၂၅ ဦး ခေါ်ဆောင်သွားမည်ဖြစ်ပြီး ဇူလိုင် ၁၂ ရက်တွင် ကစားမည့် MNL ယူ-၂၁ ပွဲစဉ်ပြီးဆုံးပါက အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဇူလိုင် ၁၇ ရက်တွင် ဂျပန်နိုင်ငံ၌ စတင်လေ့ကျင့်ကာ ပထမဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၈ ရက်တွင် ဆီရီဇိုအိုဆာကာ ယူ-၁၈ အသင်းနှင့်စတင်ကစားမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၈ အသင်းသည် နောက်ထပ်ခြေစမ်းပွဲများအဖြစ် ဇူလိုင် ၂၁ ရက်တွင် အိုဆာကာဆန်ဂျိုတက္ကသိုလ်အသင်း၊ ဇူလိုင် ၂၄ ရက်တွင် ဟာနန်တက္ကသိုလ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေသည်။ 

 

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ- ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ- ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား- ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း- ညဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ အလယ်တန်း- ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ရန်နိုင်လင်း၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ အောင်ကိုဦး၊ သူရအောင်၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း- စောကျော်အဲ၊ ညီညီ၊ ကောင်းခန့်ကျော် (၂)နှင့် ကောင်းဇင်မိုးတို့ ပါဝင်နေသည်။ မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံပြိုင်ပွဲအပြီးတွင် နိုဝင်ဘာ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ဆက်လက်ပြင်ဆင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်