အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရောက်

၁၂ သြဂုတ် 


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဘရူနိုင်းအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။


မြန်မာအသင်းသည် ဘရူနိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိ  ဖြင့် အနိုင်ရခဲ့ပြီး လက်ကျန်တစ်ပွဲအလိုတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး ဘရူနိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးမသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 


မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့် မြန်မာအသင်းသည် ပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ဂိုးသွင်းခွင့် ဖန်တီးနိုင်မှုတွင်လည်း အားနည်းခဲ့သောကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက အနိုင်ဂိုးရရန် တိုက်စစ်အားမြင့်လာပြီး ၅၄ မိနစ်တွင် ပြည့်ဖြိုးအောင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင်မြန်မာအသင်း ပိုဖိကစားလာနိုင်ပြီး ၇၃ မိနစ်တွင် မိုးဆွေက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားသည်။


အုပ်စု (က) အခြားပွဲများတွင် အင်ဒိုနီးရှားအသင်းက လာအိုအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ တီမောအသင်းက ဖိလစ်ပိုင်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ကလေးပွဲကစား လေးပွဲစလုံးအနိုင်ရကာ ၁၂ မှတ်စီဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ကစားရမည်ဖြစ်ပြီး အုပ်စုပထမနေရာအတွက်သာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF