အာဆီယံဆု (ASEAN Prize) လျှောက်ထားနိုင်ကြောင်း ကြေညာ

နေပြည်တော် ၁၉ စက်တင်ဘာ

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓါတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပထဆုံးအကြိမ် အာဆီယံဆု (ASEAN Prize) ကို ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများခေါ်ယူ လျက်ရှိသည်-

(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ

(ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝှမ်းအကြား ပူးပေါင်းဆောင်ရွက်မှုများ

(ဂ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ

(ဃ)  အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ

(င)  အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ

အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့အား လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ ချီးမြှင့်သွားမည်ဖြစ်သည်။ ယင်းဆုအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါဆုအားလျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း အာဆီယံနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများကို ပြသနိုင်ရမည် ဖြစ်သည်။ ထို့အပြင် ရှေ့ဆက်၍ အာဆီယံနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဖော်ပြနိုင်ရမည်ဖြစ်သည်။

သို့ဖြစ်၍ မြန်မာနိုင်ငံမှ နိုင်ငံသား/အဖွဲ့အစည်းအနေဖြင့် လျှောက်ထားသူ ပုဂ္ဂိုလ်/အဖွဲ့အစည်းသည် မိမိ (သို့မဟုတ်) အဖွဲ့အစည်းနှင့် ပတ်သက်သည့် အချက်အလက်နှင့် မိမိ (သို့မဟုတ်) အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များနှင့်အတူ ပူးတွဲတင်ပြလျှောက်ထားနိုင်သည်။ လျှောက်လွှာတင်သွင်းရန်အတွက် နောက်ဆုံးရက်မှာ ၂၇-၉-၂၀၁၈ ရက်နေ့ဖြစ်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) [email protected]အား လိပ်မူလျှောက်ထားနိုင်သေည်။ အဆိုပါဆုနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://asean.org/?static post =asean-prize-2018 တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

MDN