အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သည့်အခမ်းအနား ကျင်းပ 

ရန်ကုန် ၁၇  ဇန်နဝါရီ 

 

International Business Promotion Centre (IBPC) နှင့် မြန်မာနိုင်ငံရှိ အာဆီယံနိုင်ငံသံရုံးများ ပူးပေါင်းကျင်းပသည့် ASEAN Business Collaboration Event ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific Hotel  ၌ ကျင်းပသည်။

 

IBPC ဥက္ကဋ္ဌ ဦးအိုက်ထွန်းက “မြန်မာနိုင်ငံလုပ်ငန်းရှင်တွေကို နိုင်ငံတကာ ဝင်ဆံ့အောင် အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး လုပ်ဆောင်မယ်ဆိုပြီး ဒီနေ့ထိ နိုင်ငံပေါင်း ၈၀ သွားခဲ့ပြီး မြန်မာနိုင်ငံကို မိတ်ဆက်တယ်။ မြန်မာနိုင်ငံရဲ့လုပ်ငန်းကိုလည်း နိုင်ငံခြားလုပ်ငန်းရှင်တွေ၊ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ၊ စိတ်ပါဝင်စားသူတွေကို ဖိတ်ခေါ်ပြီး နှစ်စဉ် နှစ်တိုင်း တွေ့ဆုံဆွေးနွေးတယ်။ တော်တော်များများ လုပ်ငန်းတွေစလုပ် နေပါပြီ။ အာဆီယံ-မြန်မာစီးပွားရေးလုပ်ငန်းတွေ ဒီထက်မက တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ဒီပွဲကိုကျင်းပခြင်းဖြစ်တယ်”ဟုပြောသည်။

 

IBPC ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင်စုစုပေါင်း ၉၃ ဦးရှိနေပြီဖြစ်သည်။ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပိုမိုဖွံ့ဖြိုးကောင်းမွန်ပြီး နိုင်ငံတကာအဆင့်မီ လုပ်ငန်းများအား ဆက် သွယ်ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီချိတ်ဆက်ပေးခြင်း၊ ပိုမိုကောင်းမွန်သော စီးပွားရေး လုပ်ငန်းများဖော်ဆောင်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က “ ဒီနေ့ပွဲက IBPC နဲ့ အာဆီယံသံရုံးတွေပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ အထူးသဖြင့်  အာဆီယံနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ပေါ် လာဖို့ စီစဉ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ဆွေးနွေးမယ့်သူတွေက စီးပွား ရေးနယ်ပယ်အသီးသီးမှာ တစ်ကယ်လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ ဖြစ်တယ်။ အာဆီယံနိုင်ငံတွေက  တက်ရောက်လာတဲ့သူတွေကလည်း မြန်မာနိုင်ငံကို စိတ်ဝင်စား လို့ လာကြတဲ့သူတွေဖြစ်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အာဆီယံ နိုင်ငံတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ချိတ်ဆက်မိသွားရင်  မြန်မာနိုင်ငံထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုမိုဝင်လာဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မြင်ပါတယ်” ဟုပြောသည်။

 

ASEAN Business Collaboration Event ကို အာဆီယံနိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလုပ်ကိုင် နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရန် ကျင်းပခြင်းဖြစ်သည်။

 

အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  သတင်းအချက်အလက်နည်းပညာ၊  ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်လုပ်ငန်း၊  ဆောက်လုပ်ရေး၊ ဟိုတယ်၊ စိုက်ပျိုးရေး၊ လက်လီရောင်းချခြင်း၊ ဆေးပညာနှင့် ဆေးဝါး၊   ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရီရီမြင့်

 

333