အာဆီယံဒေသတွင်း အသင့်ပြင်ဆင်ထားသော အစားအသောက်ထုတ်ကုန်များနှင့် ပတ်သက်ပြီး လိုက်နာမည့် စံချိန်စံညွှန်းများ တူညီစေရန် မူဝါဒများချမှတ်နိုင်မည့် အစည်းအဝေး မန္တလေးမြို့တွင်ကျင်းပ

မန္တလေး ၂၃ နိုဝင်ဘာ

 

အာဆီယံဒေသတွင်း အသင့်ပြင်ဆင်ထားသော အစားအသောက်ထုတ်ကုန်များနှင့် ပတ်သက်ပြီး လိုက်နာမည့် စံချိန်စံညွှန်းများ တူညီစေရန် ၂၇ ကြိမ်မြောက် အာဆီယံ၏အသင့်ထုတ်ပိုး စားသောက်ကုန်များ အစည်းအဝေးကို မန္တလေးမြို့၊ Mercure Hill Resort ဟိုတယ်တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် အာဆီယံ အစားအသောက်များ စစ်ဆေးသော စံရည်ညွှန်းဓာတ်ခွဲခန်းများ သတ်မှတ်ရေး၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတွင်း အမျိုးသားဓာတ်ခွဲခန်းများ အရည်သွေးမြှင့်တင်ခြင်း၊ အသင့်ထုတ်ပိုးစားသောက်ကုန်နှင့် ပတ်သက်သည့် စံချိန်၊ စံညွှန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန် အာဆီယံဒေသအတွင်း နိုင်ငံအချင်းချင်း အသိအမှတ်ပြု သဘောတူညီချက်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်း၊ အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ပြီး အသင့်ထုပ်ပိုးစားသောက်ကုန်များ သန့်ရှင်းမှုအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့် စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကူညီထောက်ပံ့နိုင်ရန် ဆွေးနွေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။

 

‘အဓိကဆွေးနွေးမှာက အသင့်ထုပ်ပိုး အစားအသောက်နဲ့ပတ်သက်တဲ့ အာဆီယံနိုင်ငံအားလုံးမှာ ညီတူညီမျှဖြစ်ဖို့ ဆွေးနွေးမှာဖြစ်တယ်။ အစားအသောက်တွေရဲ့ အဟာရဆိုင်ရာတန်ဖိုးကို ဘယ်လိုမျိုး ဖော်ပြမလဲဆိုတာမျိုး ညီတူညီမျှ ဖြစ်အောင်ဖော်ပြချင်တယ်။ စံနှုန်းသတ်မှတ်တာ ညီတူညီမျှဖြစ်အောင် အားလုံးဆွေးနွေးကြမှာ ဖြစ်တယ်’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ခင်ချစ်က ပြောသည်။ 

 

ယခုကျင်းပသည့်အစည်းအဝေးမှ စံရည်ညွှန်းဓာတ်ခွဲခန်းများ အရည်အသွေးပြည့်မီစွာ တည်တံ့စေရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ အာဆီယံဒေသတွင်း စံရည်ညွှန်းဓာတ်ခွဲခန်းများ ပိုမိုဖြစ်ပေါ်လာခြင်း၊ အာဆီယံဒေသတွင် နိုင်ငံအချင်းချင်း အသိအမှတ်ပြု သဘောတူညီချက်များ ပိုမိုထွက်ပေါ်လာသည့်အတွက် ကုန်သွယ်မှု လျင်မြန်ချောမွေ့လာခြင်း နှင့် အသင့်ထုပ်ပိုး အစားအသောက်များ သန့်ရှင်းမှုအတွက် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည်ဖြစ်သည်။ 

 

ယခုအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ၂၆ ကြိမ်မြောက် အာဆီယံ၏ အသင့်ထုတ်ပိုး စားသောက်ကုန်များ အစည်းအဝေးကို မလေးရှားနိုင်ငံ လန်ကာဝီဖို့မှာ ၂၀၁၈ ခုနှစ် ဧပြီလက ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်များက မန္တလေးမြို့၌ ကျင်းပပြုလုပ်ရန် တောင်းဆိုသည့်အတွက် ယခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

၁၉ ကြိမ်မြောက် အာဆီယံ၏ အသင့်ထုတ်ပိုးစားသောက်ကုန်များ အစည်းအဝေးကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

 

အိမို့မို့ခိုင်