အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်

၆  ဇူလိုင်

 

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့စွဲဖြင့် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ အမြင်သဘောထားတို့ကို စုစည်းဖော်ပြခဲ့ပါသည်။ အဆိုပါ ပူးတွဲကြေညာချက်၌ အာဆီယံ အဖွဲ့အနေဖြင့် “ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည်” ဟူသော အခြေခံမူအပေါ် ရပ်တည်သုံးသပ်ခဲ့ခြင်းသည် အပြုသဘောဆောင်သည့် သဘောထား အမြင်ဖြစ်သည်ဟု ရှုမြင်ပါသည်။

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန့်ပီတာကာယီတာနို (Alan Peter Cayetano) က မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ မိတ်ဖက်အာဆီယံ နိုင်ငံတို့အား စဉ်ဆက်မပြတ်အသိပေး ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟု အတည်ပြုပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၏ အဆိုပါ ပြောကြားချက်သည် မြန်မာနိုင်ငံ၏ ရိုးသား၍ စေတနာမှန်ကန်သော ချဉ်းကပ်ပုံကို ပေါ်လွင်ထင်ရှားစေပါသည်။ ဤအစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့စွဲဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် နှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်တို့ကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက လူ့အခွင့်အရေးကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းမှုသည် နစ်နာခံစားနေရသော လူသားတို့အတွက် ကူညီ ဖေးမလိုစိတ်များကို ဖြစ်ပေါ်စေသော်လည်း တစ်ခါတစ်ရံ လူ့အခွင့်အရေး ပြဿနာရပ်တို့သည် နက်ရှိုင်းသိမ်မွေ့သည်ဖြစ်၍ အတိမ်းအစောင်းမခံနိုင်သည်ကို အလေးအနက်ထား ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဤပြောကြားချက်သည် ရခိုင်ပြည်နယ်အရေးကိစ္စ၏ သဘောသဘာဝကို ထင်ဟပ်နေသည်ဟု သုံးသပ်မိပါသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် အကြံပေးကော်မရှင်၏ တင်ပြချက်များအား အလေးအနက် ကိုင်တွယ်ဖြေရှင်းလျက် ရှိသည်ကို အသိအမှတ်ပြုကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်က နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့ ၎င်းတို့၏ ဆန္ဒသဘောထားအလျောက် ဘေးကင်းလုံခြုံမှုနှင့်အတူ ဂုဏ်သိက္ခာရှိရှိ နှောင့်နှေးကြန့်ကြာမှုမရှိ အလျင်အမြန် ပြန်လာနိုင်ရေး၏ အရေးပါပုံကို အလေးအနက်ထားဖော်ပြ ထားပါသည်။ ဤနေရာ၌ အဆိုပါဖော်ပြချက်သည် နိုင်ငံတော်အစိုးရ၏ သဘောထားနှင့် တစ်ထပ်တည်းဖြစ်သည်ကို ထောက်ပြလိုပါသည်။ တစ်ဖန် အဆိုပါ ပူးတွဲကြေညာချက်၌ ရခိုင်ပြည်နယ်အရေး၏ အရင်းအမြစ် ပြဿနာတို့အား ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ပြီးပြည့်စုံ၍ ရေရှည်တည်တံ့သည့် အဖြေတစ်ရပ်ရှာဖွေရန် မီးမောင်းထိုးတင်ပြထားသကဲ့သို့ ပဋိပက္ခဒဏ်ခံစားခဲ့ရသော လှူအသိုင်းအဝိုင်းတို့ အနေဖြင့် ၎င်းတို့၏ဘဝ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် လိုသည်ကိုပါ ထောက်ပြထားပါသည်။ ဤသဘောထားသည်လည်း နိုင်ငံတော်အစိုးရ၏ ရှုမြင်ပုံနှင့် တစ်ထပ်တည်းဖြစ်သည်နှင့်အညီ ရခိုင်ပြည်နယ်အရေး ကိစ္စချဉ်းကပ်ရာ၌ ဆုပ်ကိုင်ထားရမည့် သဘောထားအမြင် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည့် ရခိုင်ပြည်နယ်အရေး ကိစ္စဆိုင်ရာ အပြုသဘောဆောင် ရှုမြင်မှုတို့ကို ကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း