အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံတို့၏ အဆင့်မြင့်ပညာကျောင်းသားများ ပြောင်းရွှေ့သင်ယူခြင်းနှင့် အရည်အသွေးအာမခံမှုဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ၁၃ ဩဂုတ် 

(၆) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံ (တရုတ်၊ ဂျပန်၊ကိုရီးယား)တို့၏ အဆင့်မြင့် ပညာကျောင်းသားများ ပြောင်းရွှေ့သင်ယူခြင်းနှင့် အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ကျောင်းသားများဖလှယ်ရေးအစီအစဉ်နှင့် ပြောင်းရွှေ့သင်ယူစေခြင်း အစီအစဉ်ဆိုင်ရာ လမ်းညွှန်ချက်များ ဆန်းစစ်ချက် (မူကြမ်း) ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်သုံးနိုင်ငံတို့၏ ရေရှည်မျှော်မှန်းချက်များကို သတ်မှတ်ရာတွင် အရေးကြီးသောဖလှယ်သင်ယူစေမည့် ကျောင်းသားများ၏ ပညာရည်မှတ်တမ်းဆိုင်ရာ လမ်းညွှန်ချက် (မူကြမ်း) ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ကျင်းပမည့် (၄)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံပညာရေးဝန်ကြီးများ အစည်းအဝေး (4th APT Education Ministers’ Meeting)နှင့် (၉)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး (9th SOMED+3)များအတွက် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံတို့၏ လုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။

အစည်းအဝေးကို နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရပြီး အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်သုံးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။

(သတင်းစဉ်)