အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်း

ရန်ကုန် ၁၈ မေ

 

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခင်ဖွဲ့စည်းထားသည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ်အချို့ အားဖြည့်ရွေးချယ်ထားခြင်း ဖြစ်သည်။


ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၁၈ အသင်းတွင် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ကစားသမား ၂၀ စလုံး ပြန်ပါလာပြီး ဒဏ်ရာမှ ပြန်ကောင်းလာသူများအပါအဝင် ကစားသမားသစ် ခြောက်ဦး အားဖြည့်ထားခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ဆက်လက်တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ပြီး မြန်မာအသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရန်ရှိသော်လည်း သြဂုတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် စတင်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ၂၀၁၉ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး  ဇွန်တွင်စတင်မည့် ဒုတိယအကျော့ပွဲစဉ်များတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 


မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင်တွင် နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၅ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေသည်။ မြန်မာ ယူ-၁၈ အသင်းသည် မေ ၁၆ ရက်မှစ၍ လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။


မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ - ဦးရဲဝင်းအောင်၊ နည်းပြချုပ် - ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ - ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ - ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး - နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောခူမူ၊ နောက်တန်း - ရဲထက်အောင်၊ စည်သူမိုးခန့်၊ ကောင်းခန့်ကျော်၊ ညဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ မျိုးကိုကိုလင်း၊ သက်ဟိန်းစိုး၊ အလယ်တန်း - ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ သူရအောင်၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း - သြဘာခ၊ လမင်းထွေး၊ စောကျော်အဲ၊ ညီညီ၊ ပြည့်စုံနိုင်နှင့် ကောင်းခန့်ကျော်တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်