အာဆီယံထိပ်သီးအစည်းအဝေးများမှ ပေါ်ထွက်လာမည် ရလဒ်ကောင်း

၇  နိုဝင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ အကျိုး ရလဒ်ကောင်းများကို ဆောင်ကြဉ်းနိုင်ခဲ့သည်။

ထိပ်သီးအစည်းအဝေးများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် မိတ်ဖက်ဆက်ဆံရေး၊ ပြင်ပဆက်ဆံရေးတို့နှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို နိုင်ငံ့ခေါင်းဆောင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အာဆီယံထိပ်သီးအစည်းအဝေးများသို့ ရောက်ကြသော နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် ထွန်းသစ်စမြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံရေးတို့၌ စိတ်ဝင်စားမှုမြှင့်တင်နိုင်သလို နိုင်ငံတကာမှ စိတ်ဝင်စားမှုတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အရေးကိစ္စကိုလည်း မဖြစ်မနေ ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အရေးကိစ္စကိုဆွေးနွေးရာ၌ အာဆီယံဥက္ကဋ္ဌ၏ ဆွေးနွေးမှုများသည် အပြုသဘောဆောင်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စများတွင် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများအားအသိအမှတ်ပြုကာ ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် နေရပ်စွန့်ခွာ သွားသူများအတွက် သင့်လျော်သည့်ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးပေးနိုင်ရန် ဒေသခံအသိုက်အဝန်းများကို အကျိုးရှိစေမည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို ဖော်ဆောင်ရာတွင် အာဆီယံအတွင်းရေးမှူးချုပ်၏ လုပ်ငန်းဆာင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ သက်သောင့်သက်သာရှိသည့် မိတ်ဆွေများနှင့် ပူးပေါင်းခြင်းဖြင့် အာဆီယံ၏အခန်းကဏ္ဍကို မြှင့်တင်သွားသင့်ကြောင်း တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး ဘေးကင်းလုံခြုံရေးအတွက် မိမိတို့ကို အစဉ်တစိုက် ထောက်ခံအားပေးသည့် မိတ်ဆွေများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသွားသူများ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ဝင်ရောက်နိုင်သည့် ပတ်ဝန်းကျင် ဖန်တီးရာတွင် မိတ်ဆွေများအနေဖြင့် မိမိတို့ကိုဆက်လက် ကူညီကြလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ အာဆီယံဥက္ကဋ္ဌ၏အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှု၊ တိုက်တွန်းမှု၊ လုပ်ငန်းဆောင်ရွက်မှုများသည် သိမ်မွေ့ရှုပ်ထွေးသည့် ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရာတွင် များစွာအထောက်အကူပြုမည်ဖြစ်၍ အာဆီယံ၏ကူညီမှုများကို ကြိုဆိုထောက်ခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စများကိုကိုယ်ပိုင်စွမ်းအားများနှင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ တိုးတက်ဖြစ်ထွန်းမှုများ ရှိနေသည်။ ယခုအာဆီယံဥက္ကဋ္ဌ၏ တိုက်တွန်းမှု၊ အာဆီယံအတွင်းရေးမှူးချုပ်၏ အဆိုပြုမှုများဖြင့် အာဆီယံ၏ ကူညီထောက်ပံ့မှုများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးက်ရေးကို ဆောင်ရွက်ရာ၌ အထောက်အပံ့ကောင်းများ ဖြစ်စေပါသည်။ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် အာဆီယံ၏ ထောက်ခံအားပေးကူညီမှုများသည် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အမြင်လွဲမှားသည့် နိုင်ငံတကာမှဖိအားများ လျော့ကျရေးနှင့် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးရှုထောင့်မှ စွပ်စွဲမှုများအပေါ် ချေဖျက်ပေးရာရောက်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သည့် မြန်မာ ကိယ်စားလှယ်အဖွဲ့၏ (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ရလဒ်များတွင် အစဉ်အလာမပျက် အာဆီယံနိုင်ငံများ၏ လက်တွဲပူးပေါင်း ဆောင်ရွက်ချက်များသာမက ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်လက်တွဲ၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါကြောင်း။ ။

ကြေးမုံ