အာဆင်နယ်အသင်း ဝက်စ်ဟမ်းကို နိုင်ပြီး အဆင့် (၄)သို့ တက်ရောက်

ပရီမီယာလိဂ်ပွဲစဉ် (၁၇)မှ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် အာဆင်နယ်အသင်းနှင့် ဝက်စ်ဟမ်း အသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် ပွဲစဉ် ၁၇ အပြီးတွင် ရမှတ် ၂၉ မှတ်ဖြင့် အဆင့် (၄) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ပြိုင်ဘက် အာဆင်နယ်အသင်းအပေါ် ကစားပုံချဉ်းကပ်မှုလိုအပ်ချက်ရှိခဲ့ပြီး အသင်းကစားသမားများ သာမန်ခြေစွမ်းအောက် ရောက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။ အာဆင်နယ်အသင်းသည် အသင်းမှချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် သည်ဟုဆိုကာ အူဘာမီယန်ကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခဲ့သလို ယခုပွဲစဉ်တွင်လည်း ထည့်သွင်းရွေးချယ်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ ပထမပိုင်းတွင် အာဆင်နယ်အသင်းအနေဖြင့် ဝက်စ်ဟမ်းအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင် မှုပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးရရှိနိုင်ခြင်း မရှိခဲ့ချေ။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီတွင် အာဆင်နယ်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး မာတင်နယ်လီက သင်းယူပေးနိုင်ခဲ့သည်။ သာမန်ခြေစမ်းအောက် ရောက်ရှိနေသည့် ဝက်စ်ဟမ်းအသင်းသည် ပွဲချိန် ၆၇ မိနစ်တွင် ကာဖော နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် နစ်နာခဲ့ရသည်။ ထို့ကြောင့် ဝက်စ်ဟမ်းအသင်းသည် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် အာဆင်နယ်အသင်းကို ရင်ဆိုင် ကစားခဲ့ရသည်။ ပွဲချိန် ၆၉ မိနစ်တွင် အာဆင်နယ်အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ပွဲထွက်လာသည့် လာကာဇက် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။

အာဆင်နယ်အသင်းအတွက် အနိုင်သေချာစေမည့် ဂိုးကို ပွဲချိန် ၈၇ မိနစ်တွင်လူစားဝင်ကစားသမား စမစ်ရိုဝီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် အာဆင်နယ်အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့သည်။  အာဆင်နယ်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် လိဒ်စ်အသင်းနှင့်ယှဉ်ပြိုင်က စားရမည်ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ဒီဇင်ဘာ  ၁၈ ရက်တွင် အမှတ်ပေးဇယားအောက်ဆုံးမှ နော့ဝှစ်ချ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားသောပွဲစဉ်ရလဒ်များတွင် ဝုဖ်က ဘရိုက်တန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  ခရစ္စတယ်ပဲလေ့စ်နှင့် ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ ဘန်လေ အသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်ကို ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရ သည်။

အောင်ဇော်