အာဆင်နယ်တံတိုင်းသစ်ဖြစ်လာတော့မည့် ဘရာဇီးသား ဂေဘရီယယ်လ်

၂၅   ဩဂုတ်

 

ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ Center Back ကစားသမား ဂေဘရီယယ်လ်ဟာ အင်္ဂလန်ကလပ် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းနဲ့ ရောက်ရှိဖို့ အကြိုသဘောတူညီမှု ရရှိသွားပြီလို့ ဆိုပါတယ်။ ယူနိုက်တက်၊ အဲဗာတန်နဲ့ နာပိုလီအသင်းတွေကလည်း အသက်(၂၂)နှစ်သာရှိသေးတဲ့ ဒီကစားသမားကို မျက်စိကျနေပြီး အရခေါ်ဖို့ကြိုးစားခဲ့ကြပါသေးတယ်။ ပြင်သစ်လီဂူးဝမ်းပွဲအစ လိုင်လီနဲ့ ရင်းနက်စ်ပွဲ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ အရန်ခုံကနေသာ ပွဲကြည့်နေခဲ့တာ တွေ့ရပါတယ်။ မနှစ်က ပြင်သစ်လီဂူးဝမ်းမှာ လိုင်လီအသင်း အဆင့်(၄)ရဖို့အတွက် ကြိုးစားပေးခဲ့တာလည်း တွေ့ရပါတယ်။ ဂေဘရီယယ်လ်ဟာ ဘရာဇီးသားတစ်ယောက်လည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇွန်လတုန်းက ဒေးဗစ်လုဇ်ကို (၁)နှစ်သက်တမ်းတိုးခဲ့ပြီး  ပါဗလိုမာရီနဲ့ ဆီးဒရစ် ဆောရက်စ်တို့ကိုသာမက ချဲလ်ဆီးက ဘရာဇီးတောင်ပံကစားသမား ဝီလီယံကိုလည်း (၃)နှစ်စာချုပ်နဲ့ အားဖြည့်ခေါ်ယူခဲ့ပါပြီ။ လိုင်လီကလပ်ကနေ အရင်ခေါ်ယူခဲ့တာက ပြီးခဲ့တဲ့နှစ်က ခေါ်ယူထားတဲ့ နီကိုလက်စ်ပီပီ ဖြစ်ပါတယ်။


ဂေဘရီယယ်လ်ဟာ သူ့ရဲ့ကစားသမားဘ၀ကို ဘရာဇီးကလပ် Avai မှာ စတင်ခဲ့ပါတယ်။ အဲဒီ့အသင်းမှာ (၂၁)ပွဲလောက်ပဲ ကစားလိုက်ရပြီး ၂၀၁၇ မှာ ပေါင်(၁ ဒသမ ၅)သန်းနဲ့ လိုင်လီကို စရောက်လာခဲ့ပါတယ်။ အသင်းသစ်မှာ လူဟောင်းတွေဆီကနေ ပြင်သစ်ဘောလုံးကစားဟန်ကို သင်ယူရင်း အခြားအသင်း (၂)သင်းဆီ အငှားသွားကစားခဲ့ရပါသေးတယ်။ ထရိုးရက်စ်နဲ့ ဒိုင်နမို ဇာဂရက်ဘ်အသင်းတွေမှာပါ။ ၂၀၁၈-၂၀၁၉ ရာသီမှာတော့ အသင်းကြီးမှာ ပြန်ကစားဖို့ အခွင့်ရခဲ့ပါတယ်။ အဲဒီ့ရာသီမှာပဲ လိုင်လီအသင်း ပြင်သစ်လီဂူးဝမ်းမှာ အဆင့်(၂)ရခဲ့ပြီး ချန်ပီယံလိဂ်လည်း ဝင်ခွင့်ရခဲ့ပါတယ်။
 

အောင်မြင်ချင်စိတ်အပြည့်နဲ့ ကစားတတ်တဲ့သူဖြစ်ပြီး အသင်းအတွက် ကြိုးစားပေးခဲ့သမျှကို ကျေးဇူးတင်ကြောင်း လက်ရှိမှာတော့ အာဆင်နယ်အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း လိုင်လီအသင်းဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်နောက်တန်းကို ဆာလီဘာနဲ့သာတွဲပြီး ဂေဘရီယယ်လ်ကိုထားရင် နောင်အနာဂတ် (၁၀)နှစ်စာအတွက် အားထားရမယ့် နောက်တန်းတစ်ခု ဖြစ်လာမယ်လို့ ပြင်သစ်ဘောလုံး ကျွမ်းကျင်သူ ဂျိုနသန် ဂျွန်ဆင်က  ပြောပါတယ်။ ဒန်နီ ဆီဘာလော့စ်ကတော့ နောက်တစ်ရာသီ အငှားရဖို့ အသင်းကကြိုးစားနေပြီး မက်ဒရစ်ပြန်မယ်  မပြန်ဖြစ်ဘူး အတိအကျမသိရသေးပါဘူး။ အိုဇေးလ်ကတော့ နည်းပြ  အာတီတာရဲ့ အနာဂတ်အစီအစဉ်မှာ မပါတော့တာ သေချာသလောက်ရှိနေပြီး၊ အော့ဘာမီယမ်ကိုတော့ သက်တမ်းတိုး စာချုပ်ဖို့နီးစပ်နေပြီဖြစ်ကာ (၃)နှစ်ချုပ်ဆိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

#MRTV