အာဂျင်တီးနားနိုင်ငံက ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း ဝယ်ယူမည်

၃  နိုဝင်ဘာ

           

အာဂျင်တီးနားနိုင်ငံက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကြား ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စပွတ်ညစ်ခ်-ဗွီ အလုံးရေ ၂၅ သန်း ရရှိနိုင်ကြောင်း သမ္မတ အဲဘတ်တိုဖာနန်ဒက်ဇ် က ရုရှားမီဒီယာများသို့ ပြောကြားခဲ့သည်။

           

“ကျွန်တော်တို့ ဒီနှစ် ဒီဇင်ဘာလနဲ့ လာမဲ့နှစ် ဇန်နဝါရီလကြားမှာ ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၂၅ သန်း ရရှိနိုင်မဲ့ အနေအထားရှိပါတယ်” ဟု ရုရှားသတင်းဌာန စပွတ်ညစ်ခ်နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ဖာနန်ဒက်ဇ်က ပြောသည်။

           

ဒီဇင်ဘာလတွင် အလွန်အရေးပါသော ကာကွယ်ဆေးထိုးမှု စတင်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဂျင်တီးနားနိုင်ငံရှိ အားနည်းချက်ရှိသောသူများကို ဆေးထိုးပေးနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

           

အာဂျင်တီးနား အာဏာပိုင်များ မော်စကိုမြို့တော်သို့ သွားရောက်ပြီးနောက် ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူရေး သဘောတူညီချက်ကို အပြီးသတ်ချုပ်ဆိုခဲ့ကြောင်း ဒေသန္တရမီဒီယာများက ပြောသည်။

           

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးကို မော်စကိုမြို့တော်ရှိ ဂါမာလီယာ သုတေသနအင်စတီကျု့က ထုတ်လုပ်နေပြီး ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က စျေးကွက်တွင် ရောင်းချသည်။

           

အာဂျင်တီးနားနိုင်ငံ၌ မတ်လ ၃ ရက်တွင် ပထမဆုံးသော ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ပြီး နိုဝင်ဘာလ ၁ ရက်ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်မှု ၁၁၇၃၅၃၃ မှုနှင့် သေဆုံးသူ ၃၁၁၄၀ ဦးရှိသည်။

 

ကိုးကား-Xinhua