အာဇာနည်နေ့ အတွင်းဝန်ရုံးဟောင်းသို့ လေ့လာသူ နှစ်သောင်းဝန်းကျင်ရှိ၊ နိုင်ငံခြားသား ၁၀၀ ဝန်းကျင် လာရောက်လေ့လာကြည့်ရှု

ရန်ကုန်   ၁၉ ဇူလိုင်    

 

ပြည်သူများရင်ထဲ အစဉ်အမြဲမမေ့နိုင်သော ယနေ့ကျရောက်သည့် ၇၁ နှစ်မြောက် ၁၉ ဇူလိုင် အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများ အလုပ်ကြံခံခဲ့ရသော ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ယခင်အတွင်းဝင်ရုံး(ဝန်ကြီးများရုံးဟောင်း)၌ လာရောက်လေ့လာကြည့်ရှုသူ နှစ်သောင်းဝန်ကျင်အထိရှိခဲ့ပြီး ပြည်ပနိုင်ငံခြားသား တစ်ရာဝန်းကျင် ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

“ဒီနေ့လိုနေ့မျိုးမှာ မြန်မာပြည်သူတွေအနေနဲ့ နေရာတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ၊ အလှူအတန်းတွေလည်းလုပ်နေကြတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ တိုင်းပြည်အပေါ်မှာ အလွန်တရာ ကျေးဇူးကြီးမားတယ်။ ဒီခေါင်းဆောင်ကြီးတွေက ဘာမျှော်မှန်းခဲ့လဲ။ အဲဒါတွေကို ခုလက်ရှိ မျိုးဆက်သစ်တွေက လက်တွေ့အကောင်အထည်ဖော်ဖို့လိုသလို အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်မျိုး အမြဲရှင်သန်နေဖို့လိုတယ်။ သူတို့ရဲ့  အဓိကစိတ်ဓာတ်က ပြည်ထောင်စုစိတ်ဓာတ်ပဲ။ ဒီလိုပုဂ္ဂိုလ်ကြီး လွတ်လပ်ရေးကြိုးပမ်းရင်းနဲ့ မသမာသူတစ်စုကြောင့် လုပ်ကြံခံခဲ့ရတယ်။ ဒါကြောင့် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညွတ်ကြဖို့လိုတယ်။  မျိုးဆက်သစ်တွေအနေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မျှော်လင့်ချက်နဲ့ ထပ်တူကြဖို့လိုတယ်လို့ ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ အမှတ်တရအနေနဲ့ပြောကြားလိုပါတယ်” ဟု အဆိုပါ ဝန်ကြီးများရုံးဟောင်းသို့ လာရောက်လေ့လာကြည့်ရှုသည့် ဦးမင်းကြည်က ပြောသည်။ 

 

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ယခင်အတွင်းဝန်ရုံး(ဝန်ကြီးများရုံးဟောင်း)ကို ပြီးခဲ့သော ၂၀၁၅ ခု နှစ်မှစတင်ကာ နှစ်စဉ် အာဇာနည်နေ့ကျရောက်တိုင်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးအားဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံခံခဲ့ရသည့် အတွင်းဝင်ရုံးဟောင်း ပထမထပ် အစည်းအဝေးခန်းမအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကြိုးပမ်းလှုပ်ရှားခဲ့သော ပုံရပ်များကို  ပြည်သူများအား နှစ်စဉ်ဖွင့်လှစ်ပြသခဲ့သော်လည်း ယခုနှစ်တွင်မူ အဆောက်အအုံများ ပြုပြင်ဆဲဖြစ်၍  ပရိုဂျက်တာ၊ တီဗွီများဖြင့် ပြသခဲ့သည်။ နှစ်စဉ်ဇူလိုင် ၁၉ ရက်ရောက်တိုင်း ပြည်သူများအား နံနက်  ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ယနေ့အပါအဝင် ပြည်သူများအား လေ့လာခွင့်ပြုခဲ့သည်မှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်ပြည့်မြောက်သည့် ယနေ့( ၇၁) နှစ်မြောက် အာဇာနည်နေ့တွင် ရဟန်း၊ သံဃာ၊ သီလရှင်၊ အပါအဝင် ပြည်သူနှစ်သောင်းဝန်းကျင် လာရောက်လေ့လာခဲ့ပြီး ပြည်ပနိုင်ငံခြားသား လာရောက်လေ့လာမှုမှာလည်း တစ်ရာဝန်းကျင်အထိ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

ယနေ့ကျရောက်သော နှစ် (၇၁) မြောက် အာဇာနည်နေ့တွင် နိုင်ငံတစ်ဝန်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများကျဆုံးခဲ့သော အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အတွင်းဝင်ရုံး၊ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်တို့တွင် အထိမ်းအမှတ်အသုံး အဆောင်ပစ္စည်းများကို ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ဖွင့်လှစ် ခင်းကျင်းပြသခဲ့သည်။ ထို့အပြင် ထူးခြားမှုတစ်ရပ်အနေဖြင့် ရက်ထပ်မံတိုးကာ အတွင်းဝန်ရုံးအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိသုံးရက်တိုင်နှင့် ဗိုလ်ချုပ်ပြတိုက်အား ဇူလိုင် ၁၉ ရက်မှ ၂၃ ရက် အထိ ငါးရက်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

 

ဓာတ်ပုံ- မင်းထက်