အာဇာနည်နေ့ကပေးသော သင်ခန်းစာ

mdn

နေပြည်တော် ၁၈ ဇူလိုင်

 

၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယာတွင် ကျင်းပခဲ့သော ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်းသည် သမိုင်းတွင်သော မိန့်ခွန်းတစ်ရပ်ကို လေးနက်စွာရေးသား၍ ဖတ်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းတွင် “နိုင်ငံရေး ဆိုတာ ဘာလဲ” ဟူသောအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် နိုင်ငံရေးနှင့်ပတ်သက်သည်များအနက် သတိပြုစရာအချက် အချို့ကို သိရှိရသည်။ “ကျွန်ုပ်တို့နိုင်ငံတွင်ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွှဲရှိကြောင်းကို နားမလည်နိုင်ဘဲရှေးက အတွေးအဆရှိသူများ ရှိကြပေသေး၏။ အချို့သူများသည် ယခုထက်ထိပင် ယုတ်မာညစ်ထည်း ရှေးကနိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ လိုက်စားလျက်ရှိကြ သေး၏။”

 

“နိုင်ငံရေးမည်သည် ယုတ်မာညစ်ထည်းသည်ဟု ဆိုရမည်လော၊ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာ ညစ်ထည်းသည်မဟုတ်၊ နိုင်ငံရေးကိုညစ်ထည်းအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။”

 

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် ယုတ်မာညစ်ထည်းမှုများ ရောပြွမ်းနေသည်ကို လေ့လာမှတ်သားမိကြမည်ဖြစ်သည်။ ညစ်ထည်းခြင်းမှာ နိုင်ငံရေးသဘော တရားကြောင့်မဟုတ်၊ နိုင်ငံရေးလုပ်သူအချို့၏ ယုတ်မာခြင်းသာဖြစ်သည်ကို အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုကြီးက သက်သေပြခဲ့ပါသည်။ နိုင်ငံရေးလုပ်သူအချို့၏ ညစ်ထည်းမှု ကို သတိပေးထောက်ပြခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည်ပင် နိုင်ငံရေးသမားအချို့၏ ဆိုးညစ် ယုတ်မာမှုနှင့်ကြုံတွေ့ခဲ့ရသည်။

 

လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြည်ညိုလေးစားသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း နိုင်ငံရေးလောကမှ ယုတ်မာညစ်ထည်းမှုကို နိုင်ငံရေးသမားကြီးနှင့် နိုင်ငံရေးသမားငယ်ကို နွားအကြီးနှင့် အငယ်ပုံပမာထား၍ တစ်ဦးအပေါ်တစ်ဦး အမျက်မာန်ပြုလျှင် ဘေးဟုမှတ်သားရန် ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ် လွတ်လပ်ရေးရ လုနီးအချိန်ကာလ၌ တစ်နိုင်ငံလုံးက ချစ်ခင်လေးစားအားထားသော ဗိုလ်ချုပ်အောင်ဆန်းအပေါ် နယ်ချဲ့သမားအချို့၏အန္တရာယ်နှင့် ပြည်တွင်းမှ ယုတ်မာညစ်ထည်းသော နိုင်ငံရေးသမားအချို့၏ အန္တရာယ်ပေါ်လာခဲ့သည်။

 

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နယ်ချဲ့လက်မှအောင်ဆုယူနိုင်မည့်အခြေအနေတွင် မြန်မာနိုင်ငံအား လက်လွှတ်ရမည်ကို ဘဝင်မကျသည့်သူအချို့နှင့် မြန်မာ့နိုင်ငံရေးလောကတွင် ဗိုလ်ချုပ်အောင်ဆန်း ထက် ဝါရင့်သော နိုင်ငံရေးသမားကြီးအချို့က ခဲတံနှင့်ခဲဖျက်ပမာ ညစ်ထည်းသော အပြုအမူများ ကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရသည့်အဖြစ်ဆိုးသည် ဝမ်းနည်းကြေကွဲခြင်း ဖြစ်သည်သာမက သမိုင်း သင်ခန်းစာယူရမည်ဖြစ်သည်ကို လေးနက်စွာသိရှိမှတ်သားသင့်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည်တုနှိုင်းမမီသော မျိုးချစ်ပုဂ္ဂိုလ်ကြီး များဖြစ်သည်။ ယင်းတို့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပြတ်သားသူ၊ လာဘ်မစားသူ၊ အတ္တကိုယ်ကျိုး လုံး၀ မမျှော်ကိုးသူ၊ နိုင်ငံနှင့် ပြည်သူအတွက်ဆိုလျှင် အသက်စွန့်ဝံ့သူ၊ ပြည်သူများကြားတွင် ငွားငွား စွင့်စွင့် အသွင်တင့်သူ၊ ဝင့်ထည်သူ၊ နိုင်ငံတော်နှင့်ပြည်သူလူထုကြားတွင် ရေပန်းစားသူဖြစ်သော် လည်း ညစ်ထည်းသော နိုင်ငံရေးသမားအချို့၏ အာဏာမက်မောမှုကြောင့် ဖြစ်ပေါ်လာသည့် လုပ်ကြံမှုမှာ သင်ခန်းစာယူစရာဖြစ်သည်။

 

နိုင်ငံရေးသုခမိန် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးကို တစ်နှစ်အတွင်းရရမည်ဟု ဧကန်မုချတွက်ပြီးဖြစ်သော်လည်း လွတ်လပ်ရေးမရမီ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လွတ်လပ်ရေး ရပြီး မြန်မာ့နိုင်ငံရေးအခြေအနေတို့ကိုလည်း စိတ်မအေးနိုင်ဖွယ် မြော်တွေးသိရှိခဲ့သည်။ သို့ဖြစ်၍ မြန်မာ့နိုင်ငံရေးကံကြမ္မာကို ဆိုးညစ်စွာဖန်တီးခဲ့သော နိုင်ငံရေးသမားအချို့လက်ချက်ကြောင့် ဖြစ်ပေါ် လာသည့် အာဇာနည်နေ့အဖြစ်မျိုးကို ဝမ်းနည်းကြေကွဲစွာဖြင့် သမိုင်းသင်ခန်းစာယူကြရမည် ဖြစ်ပါသတည်း။

 

ကြေးမုံ