အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁၆/၂၀၂၂)

(မတ်လ(၂၂)ရက်   မြန်မာစံတော်ချိန် နံနက်  ၁၀  နာရီခွဲ  ထုတ်ပြန်ချက်)

======================

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

 (၁)      ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၇၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက်ရေမိုင် (၂၂၀)မိုင်ခန့်နှင့်  မာယာဘန်ဒါမြို့ (Mayabundar)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၅၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

(၂)        အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည်  မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနေသည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်သည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တွင် မြောက်လတ္တီကျု(၁၅.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၁)ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်သည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့နေ့လယ်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက်

 (၁)      အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့ နံနက်မှ (၂၃.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။

(၂)        မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်။

(၃)       အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ  တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

(၄)       မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရသည်။

အကြံပြုချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန