အားလပ်ရက်အတွင်း အနားယူအပန်းဖြေလျက်ရှိနေကြသည့် ပြည်သူတို့၏ ရင်တွင်းစကားသံများအား သတင်းအဖွဲ့မှ တွေ့ဆုံမေးမြန်း

နေပြည်တော် ၁၁ ဖေဖော်ဝါရီ

ကိုယ်စိတ်နှစ်ပါး လွတ်လပ်စွာ အပန်းဖြေအနားယူသည့် အချိန်ကာလကို အားလပ် ရက်ဟု ဆိုချင်ပါသည်။ ယခုကာလသည် ရုံးပိတ်ရက် သုံးရက်ဆက်တိုက်ရရှိသည့် ကာလဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များသည် အဆိုပါ အားလပ် ရက်အတွင်း အနားယူအပန်းဖြေလျက်ရှိနေကြသည်။ ထိုသို့ အပန်းဖြေအနား ယူကြသူ များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါသည်။

 

 

ဦးစိုးနိုင်

အထွေထွေမန်နေဂျာ

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)

ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်နဲ့ အခုလိုပွင့်လင်းရာသီဆိုရင် အမျိုးသားအထိမ်း အမှတ်ဥယျာဉ်ကို လာရောက်အပန်းဖြေ လည်ပတ်တဲ့သူများပါတယ်။ တစ်နိုင်ငံလုံးမှာရှိ တဲ့ တိုင်းရင်းသားတွေ တော်များများလာကြပါတယ်။ တစ်ရက်ကို လာရောက်လေ့လာ တဲ့သူ အနည်းဆုံး ၉၀ဝ ကနေ  ၁၀ဝ၀ လောက်အထိရှိပါတယ်။ အမျိုးသားအထိမ်း အမှတ် ဥယျာဉ်တစ်ခုလုံးမှာ လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဥယျာဉ်ထဲမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တိုင်းမှာ တိုင်းရင်းသားရိုးရာအိမ်တွေ၊ ရိုးရာအစားအစာ အရောင်းဆိုင်တွေနဲ့ ရိုးရာပစ္စည်း အရောင်းဆိုင်တွေလည်း ထည့်သွင်း တည်ဆောက် ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအလိုက် အပန်းဖြေစရာနေရာတွေနဲ့ လေ့လာ စရာနေရာတွေ အများကြီးရှိပါတယ်။ ကလေးတွေအတွက် ကစားလို့ရမယ့် နေရာတွေ လည်း အများကြီးရှိပါတယ်၊ နိုင်ငံ့ဝန်ထမ်း၊  ကျောင်းသား၊ ကျောင်းသူတွေနဲ့ အဖွဲ့အစည်းအလိုက် လာတဲ့သူတွေကို ဥယျာဉ်ဝင်ကြေးအပါအဝင် အခြားလေ့လာစရာ နေရာတွေကိုလည်း ဈေးနှုန်းတွေ လျှော့ချပေးထားတာတွေ ရှိပါတယ်။ ဒီနေ့လို အားလပ်ရက် သုံးရက်ဆက်တိုက်ဖြစ်နေတဲ့ နေ့မျိုးမှာ ဝင်ကြေးကို တစ်ဝက်ထိ လျှော့ပေးထားပါတယ်။ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်ဟာ တစ်နိုင်ငံလုံးရဲ့ ပုံစံတူတွေကို ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ရိုးရာအိမ်တွေ၊ နန်းတော်တွေ၊ ဘုရားစေတီတွေ ထည့်သွင်း တည်ဆောက်ထားတဲ့ အတွက် အချိန်တိုအတွင်းမှာ တစ်နိုင်ငံလုံးကို ရောက်သွားသလို လေ့လာခံစားနိုင်မှာ ဖြစ်ပါတယ်။

 

 

 

ဦးရှဲဒီ

ဒုတိယဥက္ကဋ္ဌ

လားဟူ ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်း 

ကျွန်တော်က လားဟူတိုင်းရင်းသား တစ်ယောက်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး    ပစ်ခတ်တိုက်ခိ်ုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲမှာ ဖျော်ဖြေဖို့ လာရောက်ရင်း ဒီအမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှာ လာရောက်အပန်းဖြေ အနားယူ တာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အားလုံး လာရောက်အပန်းဖြေကြတာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ထဲကို ရောက်တဲ့အခါ ကျွန်တော်တို့လို တိုင်းရင်းသားတွေ၊ တိုင်းရင်းသား ပေါင်းစုံရဲ့ အထိမ်းအမှတ်တွေ၊ ရိုးရာတွေကိုတွေ့ရတော့ ကျွန်တော်ပျော်တယ်။ ကျွန်တော်ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့စာပေကို ချစ်ခင်မြတ်နိုး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း ဗဟုသုတတွေရစေဖို့၊ အမြင်တွေ ကျယ်ပြန့်စေဖို့အတွက် ဒီအမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)ကို လာရောက်လေ့လာ  အပန်းဖြေလည်ပတ်စေချင်ပါတယ်။

 

 

 

မဇင်မိုင်အောင်

မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

ကျွန်မက ကချင်တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့က ပြည်ထောင်စု နေ့ အထိမ်းအမှတ်အခမ်းအနားကို လာရောက်ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ဝန်း လုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး တစုတစည်းတည်း ရှိနေတယ်ဆိုတာကို အားလုံးကို သိစေချင်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးတွေ အားလုံးရဲ့ ရိုးရာတွေနဲ့ အထိမ်းအမှတ်တွေ စုံလင်အောင်ရှိနေတဲ့ ဒီဥယျာဉ်ကြီးကို အပန်းဖြေရင်း လာရောက်ရ ခြင်းဖြစ်ပါတယ်။ ဒီနေ့ ဒီဥယျာဉ်ထဲမှာ တိုင်းရင်းသားတွေ တော်တော်များများနဲ့ တွေ့တဲ့အခါ ကျွန်မပျော်တယ်။ ရိုးသားမှုတွေ၊ ပွင့်လင်းမှုတွေကိုလည်း မြင်တွေ့ရ တယ်။ တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံတွေ၊ ရိုးရာဓလေ့တွေကို သိရတယ်။ ကျွန်မတို့ မသိသေးတဲ့ အတွေ့အကြုံအသစ်တွေလည်းရပါတယ်။ အခုလို လာရောက် အပန်းဖြေ ရတာ ကျေနပ်စရာကောင်းပါတယ်။ ဝမ်းသာကြည်နူးပါတယ်။ ဒီအမျိုးသားအထိမ်း အမှတ် ဥယျာဉ်က ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ နေထိုင် ပုံတွေ၊ ရိုးရာဓလေ့တွေအားလုံးကို ပုံစံငယ်အဖြစ်နဲ့ ဖော်ကျူးထားတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဗဟုသုတတွေရရှိပါတယ်။ တချို့တိုင်းရင်းသားတွေက ကိုယ့်နေရာ ဒေသမှာပဲနေတော့ တခြားကျန်တဲ့ တိုင်းရင်းသားတွေရဲ့ နေထိုင်ပုံတွေ၊ ရိုးရာဓလေ့ တွေကို မသိကြပါဘူး။ ဒါကြောင့်မို့ တိုင်းရင်းသားတွေ အားလုံးကို အားလပ်ရက်တွေမှာ နေပြည်တော်မှာရှိတဲ့ ဒီအမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လာရောက် အပန်းဖြေ လည်ပတ်စေချင်ပါတယ်။

 

 

ဒေါ်အေးအေးချို

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ကျွန်မက စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှာရှိတဲ့ မူကြိုကျောင်းက ဆရာမ တစ်ဦး ဖြစ်ပါတယ်။ အခုလို အားလပ်ရက်မျိုးမှာ တပည့်ကလေးတွေနဲ့ လာရောက် အပန်းဖြေကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မူကြိုကျောင်းက ကလေးတွေကို တိုင်းရင်း သားတွေရဲ့ နေပုံထိုင်ပုံ၊ ဓလေ့စရိုက်တွေကို ဗဟုသုတအနေနဲ့ လေ့လာနိုင်ဖို့ လာရောက် လည်ပတ်ရခြင်းဖြစ်ပါတယ်။ ကလေးတွေ ကိုယ်ရောစိတ်ပါလွတ်လွတ် လပ်လပ် အနားယူခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာရပါတယ်။ ပီတိလည်းဖြစ်ရ ပါတယ်။ ကျန်တဲ့မူကြိုကျောင်းတွေကိုလည်း အခုလို ရုံးပိတ်ရက်မျိုးမှာ ဒီအမျိုးသား အထိမ်းအမှတ်ဥယျာဉ်ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ရုံးပိတ်ရက်ရှည်ရရင် ဒီဥယျာဉ်ကို ထပ်မံလာရောက် အပန်းဖြေပါဦးမယ်။

 

 

ဒေါ်လဲ့လဲ့မွန် 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ကျွန်မက စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ အခုလိုရုံးပိတ်ရက်ရတဲ့အတွက် မိသားစုနဲ့အပန်းဖြေလို့ရတဲ့ အချိန်ကာလလေး ဖြစ်ပါ တယ်။ အပန်းဖြေခွင့်ရလို့ ဝမ်းသာမိပါတယ်။ အခုဒီ အမျိုးသားအထိမ်း အမှတ်ဥယျာဉ် ကို လာတာ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ ကျွန်မအမျိုးသားလည်းပါတယ်။ သူလည်းရုံးပိတ်ရက် ရပါတယ်။ သမီးလေးကလည်း မူကြိုကျောင်းပိတ်ရက်ဖြစ်လို့ မိသားစုစုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်နဲ့ အခုလို အားလပ်ရက်မျိုးကို ဖြတ်သန်းခွင့်ရတာဖြစ်ပါတယ်။ ကျန်တဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့မိသားစုတွေနဲ့ အပန်းဖြေအနားယူကြမယ်လို့ထင်ပါ တယ်။

 

 

မောင်သုတကျော်

မူကြိုကျောင်းသား

စိုက်ပျိုးရေးသုတေသနဦးစီးဌာန မူကြိုကျောင်းကနေ လာရောက်အပန်းဖြေတာ ဖြစ်ပါတယ်။ သားအခုလို လာရတာ ပျော်ပါတယ်။ သားနဲ့အတူ အဖေရယ်၊ အမေရယ်၊ ဆရာမတွေလည်းပါတယ်။ သားရဲ့ သူငယ်ချင်းတွေ အကုန်လုံးလည်း ပါပါတယ်။ တိုင်းရင်းသားကျေးရွာထဲမှာရှိတဲ့ လေ့လာစရာနေရာတွေကို သွားလည်ပြီးပါပြီ်။ နောင်လည်း အခုလိုကျောင်းပိတ်ရက်မျိုးမှာ တိုင်းရင်းသားကျေးရွာကို လာလည်ဦး မှာပါ။

 

 

မသင်းယုလွင်

လွင် မိသားစုဈေးဆိုင်

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ထဲက ကျွန်မတို့ရဲ့ ဈေးဆိုင်ဟာ  ရုံးပိတ်ရက် မဟုတ်တဲ့ ကြားရက်တွေမှာကတော့ အသင့်အတင့်ပဲ ရောင်းချရပါတယ်။ အခုလို ရုံးပိတ်ရက်မျိုးမှာ ဥယျာဉ်ကို လာရောက်လည်ပတ် အပန်းဖြေတဲ့သူတွေများတဲ့အတွက် သာမန်နေ့တွေထက် ပိုပြီးဈေးရောင်းရပါတယ်။ အခုလို အထိမ်းအမှတ်ပွဲမျိုးတွေကို များများလုပ်ပေးစေချင်ပါတယ်။ 

သတင်း - မင်းမင်းဇော်၊ မီမီဖြိုး

ဓာတ်ပုံ - အေးသန်း